ပုတီး ရ ရခြင်း ဘာလုပ်မလဲ...?
ပုတီး ရ ရခြင်း ဘာလုပ်မလဲ...?
ဒါကတော့ လောကီလမ်းကို လေ့လာလိုက်စားကြတဲ့သူတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ ။ တစ်ချို့က ပုတီး စတင် စိပ်ခါစဖြစ်တော့ ပုတီးနဲ့ပတ်သက်ပြီး သိချင်တာတွေ ရှိကြပါတယ် ။ အဲဒါနဲ့ပတ်သက်ပြီး အခုလို ဖြေပေးလိုက်ပါတယ် ။
ကျနော်ပုတီးစိပ်ခါစကတော့ ဘာမှ မသိပါဘူး ။ ပါရမီလို့ ပြောရမလား မသိပါဘူး ။ ဟိုးငယ်ငယ်လေးကတည်းက ပုတီးစိပ်ရတာကို ဝါသနာထုံခဲ့တယ် ။ လူကြီးတွေနဲ့ ပုတီးလိုက်စိပ်ဖြစ်ပါတယ် ။ လူကြီးတွေက အရဟံတစ်လုံးပဲ သင်ပေးပါတယ် ။ အဲဒီလိုကနေ စ စိပ်ရင်း နောက်တော့ ဆရာတစ်ယောက်ဆီကနေ ပုတီးရခဲ့တယ် ။ အဲဒီဆရာပုတီးက အတော်စိပ်လို့ ကောင်းတယ် ။ မည်းနက်နေပြီး လက်နှစ်ဘက်ကိုင်စိပ်ရတာ အားရပါတယ် ။ အဲဒီကနေမှ နောက်ပိုင်း ကိုယ်ပိုင်ပုတီးနဲ့ စိပ်ဖြစ်လာခဲ့ပါတယ် ။
ပုတီးက သာမန်စိပ်ရင် သာမန်သဘောသာ ရှိပါတယ် ။ ဒါပေမယ့် လမ်းစဥ်တစ်ခုလို သွားပြီဆိုရင် သိသင့် သိထိုက်တာတွေ သိဖို့ လိုလာတတ်ပါတယ် ။ ပုတီးနဲ့ပတ်သက်ပြီး ပထမဦးဆုံး လိုအပ်တာက အသားကောင်းကောင်းနဲ့ စိပ်လို့ ကောင်းမယ့်ပုတီးမျိုး လိုအပ်ပါတယ် ။ ပိတောက်သားက အကောင်းဆုံးဖြစ်ပါတယ် ။ မွှေးတယ် ။ ပေါ့ပါးတယ် ။ ပိတောက်သားနဲ့ပုတီးစိပ်ရင် လက်မှာ မွှေးပြီး စွဲကျန်ခဲ့တယ် ။ ဒေဝီတွေလည်း ချစ်တတ်ကြတယ် ။ အကယ်၍ ခုနှစ်ရက်သားသမီးအတွက် အဓိကထားစိပ်ချင်တယ်ဆိုရင် ခုနှစ်နေ့ ခုနှစ်နံအသားပါတဲ့ ပုတီးစိပ်လို့ ရပါတယ် ။ ခုနှစ်ရက်သားသမီးများအပေါ် ဂုဏ်တော်တင်ပေးတဲ့သဘောပေါ့ ။ သူက ဂန္ဓာရီသမားတွေ အသုံးများပါတယ် ။ အဓိကက စိပ်လို့ကောင်းပြီး မွှေးကြိုင် ပေါ့ပါးတဲ့ သစ်သားပုတီးဆိုရင် ပိုကောင်းပါတယ် ။ တစ်ခါတစ်ရံ ကိုယ့်ပုတီးကို သူများတောင်းလို့ ပေးလိုက်ရတာတွေ ရှိတတ်ပါတယ် ။ အဲဒါကြောင့် အဲဒီလို တောင်းလို့ မရအောင် တစ်ချို့ဆရာတွေက ငွေသားပုတီးနဲ့ စိပ်တတ်ကြပါတယ် ။ ငွေသားပုတီးက သိန်းကျော် ပေးရတော့ တန်ဘိုးကြီးတယ်လေ ။ တောင်းရမှာ အားနာစရာဖြစ်တော့ မတောင်းကြတော့ဘူး ။ လက်ထဲ မြဲသွားတတ်တယ် ။ ကြိုက်ရင် ဝယ်စိပ်နိုင်ပါတယ် ။ ပုတီးကို စျေးကြီးပေး ဝယ်ထားပေမယ့် မစိပ်ဖြစ်ရင် မှိုတက်တာပဲ အဖတ်တင်ပါတယ် ။ အမြဲစိပ်ဖို့လည်း လိုပါတယ် ။
ပုတီးအကြောင်း ဝါသနာပါလို့ ပုတီးဝယ်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုရင် သိမ်ဝင်ပုတီး ဖြစ်အောင် အရင်လုပ်ရပါတယ် ။ သိမ်ဝင်ပုတီးဆိုတာက ရဟန်းခံရှင်ပြုပွဲတွေမှာ ရဟန်းလောင်း သိမ်တက်လို့ ဘုန်းကြီး ကမ္မဝါရွတ်တဲ့အထဲ ပါသွားအောင် ရဟန်းလောင်းရဲ့သပိတ်ထဲ ထည့်ထားရပါတယ် ။ ကမ္မဝါရွတ်ပြီးတာနဲ့ ရဟန်းလောင်းက ရဟန်းဖြစ်သွားသလို မိမိပုတီးလည်း သိမ်ဝင်ပုတီးဖြစ်သွားတာကို ဆိုလိုပါတယ် ။ လောကီနယ်ပယ်မှာ သိမ်ဝင်သပိတ် သိမ်ဝင်အပ် သိမ်ဝင်ပုတီးအကြောင်းက လူသိများကြပါတယ် ။ ဟိတ်သဘောအရ ပညတ်အရှိန်တင်တဲ့သဘော ဖြစ်ပါတယ် ။ ရဟန်းလောင်းက နိမ့်ပါးရာမှ မြင့်မြတ်ရာသို့ ရောက်သွားသလို မိမိပုတီးလည်း သာမန်ပုတီးကနေ မြင့်မြတ်သောပုတီးဖြစ်သွားတယ်ပေါ့ ။ အဲဒီလို ယူဆကြပါတယ် ။ သိမ်ဝင်ပုတီးရပြီးရင် သေသေချာချာ စနစ်တကျနဲ့ သိမ်းတတ်ဖို့လည်း လိုပါတယ် ။ ကျနော်ဆိုရင် ကလာပ်နဲ့သိမ်းတင်ထားပါတယ် ။
နောက်ပိုင်း ပုတီးစိပ်ပါများရင် မိမိခန္ဓာကိုယ်က ဂုဏ်တော်ကိန်းလာသလို မိမိပုတီးလည်း ဂုဏ်တော်ကိန်းလာတတ်တယ် ။ ဟိတ်တန်ခိုးကြီးလာတတ်တယ်ပေါ့ ။ ဒါကြောင့် တစ်ချို့ပုတီးသမားတွေရဲ့ ပုတီးကို ကိုင်လိုက်တာနဲ့ ဓာတ်လိုက်သလို ခံစားရတတ်တယ် ။ ကျက်သီးထသလိုလိုလည်း ကြုံတွေ့ရတတ်တယ် ။ ဓာတ်ပြင်းတယ်ပေါ့ ။ နောက်ပိုင်း သိဒ္ဓိဝင်လာတဲ့အခါ ပုတီးက သမာန်ပုတီးမဟုတ်တော့ပဲ အာရုံထဲမှာ ရုပ်ပွားတော်တွေ ထင်လာတတ်ပါတယ် ။ အဲဒါက တကယ့်အမြင့်ပိုင်း ပုတီးသမားတွေ ကြုံရတတ်တယ် ။ ဒါက ပုတီးနဲ့ပတ်သက်တဲ့အကြောင်း အနည်းငယ် ဖြစ်ပါတယ် ။ သမာဓိအဓိကလို့ ပြောတတ်သူများအတွက် မပါပါဘူး ။
Comments
Post a Comment