ပုတီးစိပ်ရင် ထူးခြားလား၊ မထူးခြားဘူးလား
ပုတီးစိပ်ရင် ထူးခြားလား၊ မထူးခြားဘူးလား
မေး - သူများတွေ ပုတီးစိပ်ရင် ထူးခြားလာတယ်လို့ ပြောကြပါတယ် ။ ကျနော်ကျတော့ ဘာမှ မထူးခြားဘူး ။ အဲဒါ ဘာကြောင့်ပါလဲခင်ဗျ ။
ဖြေ - အဲဒါမျိုးက ခဏခဏကြုံဘူး တွေ့ဘူးပါတယ် ။ ဖြေရရင် တစ်ခုက မယုံကြည်လို့ ။ နောက်တစ်ခုက နည်းလမ်းမမှန်လို့ ဖြစ်ပါတယ် ။
ထူးခြားတဲ့သူတွေ ပြောတာက သူတို့ဘဝမှာ တကယ်ထူးခြားတာတွေ ကြုံဘူးကြလို့ ဖြစ်ပါတယ် ။ ဒါလုပ်ရင် ဖြစ်ပါ့မလား...ဆိုတဲ့ မယုံကြည်တဲ့စိတ်က ဘာလုပ်လုပ် ဘာမှ မဖြစ်ပါဘူး ။ ဆိုကြပါစို့ ။ သစ်တုံးတစ်တုံးကို ထမ်းမယ်ဆိုကပါစို့ ။ ဒီသစ်တုံးကို ငါထမ်းနိုင်ပါ့မလား... သူတစ်ပါးတွေ ထမ်းနိုင်တာ ဟုတ်ရဲ့လား...စသည်ဖြင့် သံသယစိတ်တွေ များနေတဲ့သူဟာ အဲဒီသစ်တုံးကို ထမ်းနိုင်ဖို့ ခဲယဥ်းသွားပါတယ် ။ မယုံကြည်တဲ့စိတ်နဲ့ ထမ်းမယ်ဆိုရင်လည်း သစ်တုံးက နဂိုရ်ထက် လေးနင့်တတ်ပါတယ် ။ ဒီသစ်တုံးက သူများတွေ ထမ်းနိုင်သလို ငါလည်း ထမ်းနိုင်ရမယ်...လို့ ယုံကြည်စိတ်ပြင်းထန်နေတဲ့သူကျတော့ သစ်တုံးက အလိုလိုနေရင်း ပေါ့သလို ခံစားရတတ်ပါတယ် ။ သစ်တုံးက အလေးချိန်တူပါလျက် ယုံကြည်တဲ့စိတ်က စကားပြောသွားတာပါ ။
နောက်တစ်ခုက ပုတီးပဲ စိပ်စိပ် ၊ ဘာအလုပ်ပဲ လုပ်လုပ် ။ နည်းလမ်းမကျရင် အကျိုးပေးဖို့ ခက်ပါတယ် ။ နည်းမှန် လမ်းမှန်နဲ့ အလုပ် လုပ်တတ်ဖို့ လိုပါတယ် ။ ဒါကြောင့် ပုတီးမစိပ်ခင် အဓိဋ္ဌာန်မဝင်ခင် ကြိုတင်ပြီး နည်းစနစ်တွေကို စနစ်တကျ အရင် လေ့လာသင်ယူထားသင့်ပါတယ် ။ သူတစ်ပါးရဲ့အတွေ့အကြုံတွေကို ကိုယ့်အတွေ့အကြုံ လုပ်တတ်ရပါတယ် ။ သင်္ခန်းစာယူတတ်ရတယ်ပေါ့ ။ ဒါမှပဲ အလုပ်ဖြစ်ပါတယ် ။
တစ်ခါတုန်းက ကျနော် ရွှေတိဂုံဘုရားပေါ်မှာ အဓိဋ္ဌာန်ဝင်ရင်း ကြုံဘူးခဲ့တာ တစ်ခု ရှိပါတယ် ။ ပုတီးစိပ်တယ် အဓိဋ္ဌာန်ဝင်တယ်ဆိုပြီး အရဟံ အရဟံလို့ အသံအကျယ်ကြီးနဲ့ ဂျောက်ဂျက်လုပ်နေတဲ့ အမျိုးသမီးကြီးတစ်ဦးကို တွေ့ရပါတယ် ။ လောကဝိဒူ လောကဝိဒူ ဆိုတဲ့ အပိုဒ်ရောက်တော့ လျှာလိပ်ပြီး အမြင်မတော် အကြားအတော်တာတွေ ဖြစ်ကုန်တယ် ။ ပုတီးစိပ်ရာကနေ အသံကို မထိန်းနိုင်ပဲ သီချင်းပါ ငြီးလိုက်ပါသေးတယ် ။ သူ့လုပ်ရပ်ကြောင့် တန်ဆောင်းတစ်ခုလုံး အကုန်ဒုက္ခရောက်ကုန်ပါတယ် ။ ဒါတွေက စနစ်တကျ ဘယ်လိုလုပ်ရသလဲ...ဆိုတာနဲ့ ပတ်သက်ပြီး အသေအချာ မသင်ယူ မလေ့လာခဲ့တဲ့ အဖြစ်တွေပါ ။ ပုတီးစိပ်အဓိဋ္ဌာန်ဝင်တာပဲ ဖြစ်ဖြစ် ၊ ဘာအလုပ်ပဲဖြစ်ဖြစ် စနစ်တကျ လုပ်တတ်တဲ့အခါ ကိုယ်လည်း စိတ်ချမ်းသာသလို သူတစ်ပါးလည်း စိတ်ချမ်းသာပါတယ် ။ ကြည်ညိုစရာ လေးစားစရာလည်း ဖြစ်ကြပါတယ် ။ စနစ်မကျတဲ့အခါ ကိုယ်လည်း ဒုက္ခရောက် သူတစ်ပါးလည်း ဒုက္ခရရောက်ပါတော့တယ် ။ ပုတီးစိပ်လို့ ထူးခြားတယ်ဆိုတာက တစ်ဦးတစ်ယောက်ရဲ့အတွေ့အကြုံနဲ့ မဟုတ်လို့ပါ ။ တစ်ဖြေးဖြေးနဲ့ နားလည်သိရှိခံစားရတတ်တဲ့အရာမျိုးသာ ဖြစ်ပါတယ် ။ ထူးခြား မထူးခြား... ဘယ်လိုထူးခြားမလဲ...စသည်ဖြင့် ဒီလို စိတ်အစွဲတွေ မဝင်ဖို့လည်း လိုပါတယ် ။ ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ယုံယုံကြည်ကြည် ၊ ရိုးရိုးသားသား ၊ စိတ်ဖြောင့်ဖြောင့်နဲ့သာ လုပ်ဖို့ လိုမယ်ထင်ပါတယ် ။ ဘာသာရေးအဓိဋ္ဌာန်တစ်ခုကို ပေါ့ပေါ့ပါးပါးနဲ့ အချိန်ချိန်မှန်မှန် စနစ်တကျ သုံးလလောက်သာ အချိန်ပေးပြီး လုပ်ကြည့်ဖို့ လိုပါတယ် ။ တဖြေးဖြေးနဲ့ ထူးခြားတာတွေကို ကိုယ်တိုင် သိရှိလာပါလိမ့်မယ် ။
မေး - အဓိဋ္ဌာန်ဝင်ပြီးရင် ဆုတောင်းဖို့ လိုသလားဆရာ ။ သမီးက ဆုတောင်းတာကို သဘောမကျဘူး ။
ဖြေ - ဆုတောင်းဆိုတာက ဥပမာပြရရင် ပန်းတိုင်နဲ့တူပါတယ် ။ ပစ်မှတ်မရှိပဲ ဦးတည်ရာမဲ့ ပစ်နေတဲ့မြှားထက် ပစ်ကွင်း ပစ်မှတ်ထားပြီး ပစ်ရတဲ့မြှားက ပိုပြီး တန်ဖိုးရှိပါတယ် ။ ပစ်ချင်ရာပစ်မယ်ဆိုရင် ထိချင်ရာ ထိ ဖြစ်ကုန်တယ် ။ ဦးတည်ရာမဲ့သဘောမျိုး ဖြစ်သွားပါတယ် ။ ဆုတောင်းတာက ပန်းတိုင်ပစ်မှတ်ထားပြီး အလုပ်လုပ်နေခြင်းသာ ဖြစ်ပါတယ် ။
မြတ်ဗုဒ္ဓတောင် ဘုရားဖြစ်ဖို့ ပါရမီကုသိုလ်ကံပြုလုပ်ပြီးတိုင်း ဆုတောင်းပတ္ထနာပြုလုပ်ခဲ့ရပါတယ် ။ ဆုတောင်းခြင်းဟာ အပြစ်မဟုတ်ပါဘူး ။ မိမိဖြစ်ချင်တဲ့ဆန္ဒ ၊ မိမိပန်းတိုင်ကို မမေ့ဖို့ ကံသုံးပါးနဲ့တိုင်တည်ပြုလုပ်ခြင်းသာ ဖြစ်ပါတယ် ။ လောကီဆုပဲ တောင်းတောင်း ၊ လောကုတ္တရာဆုပဲ တောင်းတောင်းပေါ့ ။
တစ်ခု နားလည်သင့်တာက ဆုတောင်းတာဟာ ဘုရားက ပေးပါလိမ့်မယ်...ဆိုတဲ့ သဘောမျိုးကို မထားဖို့ လိုပါတယ် ။ အဲဒီလိုမျိုး ယူဆမိရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းသွားတတ်ပါတယ် ။
Comments
Post a Comment