မြန်မာ့ရိုးရာ သစ်ပင်ဗေဒင် တွက်စစ်နည်း
မြန်မာ့ရိုးရာ သစ်ပင်ဗေဒင် တွက်စစ်နည်း
~~~~~~~~~~~~~~~~~~~~~~~
မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်တွေထဲက ထူးခြားသော သစ်ပင်ဗေဒင်တွက်နည်းတစ်ခုကို ကိုယ်တိုင် လက်တွေ့ တွက်ချက်အသုံးချနိုင်ဖို့ ဖော်ပြပေးပါမယ်။
တွက်ပုံတွက်နည်းကတော့ မိမိရဲ့မြန်မာမွေးသက္ကရာဇ်ကို ထောင်ရာပယ်ပြီး ၇ နဲ့ ပေါင်းရမှာပါ။ ရလာတဲ့ ပေါင်းလဒ်ကို ၁၂ နဲ့ စားပြီး အကြွင်းကိုမှတ်ပါ။ ၎င်းအကြွင်းကို ၄ နဲ့ ထပ်စားလိုက်လို့ ရလာတဲ့အဖြေဟာ
၁ ကြွင်းရင် ညောင်ပင်
၂ ကြွင်းရင် စပါးပင်
၃ ကြွင်းရင် အရွက်မရှိသစ်ပင်
၄ ကြွင်းရင် ပဒေသာပင်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ (၀ ကြွင်းရင်လည်း ၄ ကြွင်းနဲ့ အဟောချင်း အတူတူ ဖြစ်ပါတယ်)
ဥပမာ - ၁၃၅၀ ခုနှစ်မှာ မွေးသူဆိုပါစို့၊ ထောင်ရာပယ်လိုက်ရင် ၅၀ ခု ကျန်ပါမယ်။ ၅၀ကို ၇ နဲ့ ပေါင်းတဲ့အခါ ၅၇ ရပါတယ်။ ၎င်းပေါင်းလဒ်ကို ၁၂ နဲ့ စားတဲ့အခါ ၉ ကြွင်းပါတယ်။ ၎င်းအကြွင်း ၉ ကို ၄ နဲ့ ထပ်စားတဲ့အခါ ၁ ကြွင်းတဲ့အတွက် ညောင်ပင်ဖွားဇာတာဖြစ်ပါတယ်။
အကြွင်းဖွားအလိုက် ကံဇာတာအနေအထားများကတော့
(၁) ညောင်ပင်ဖွား - သူတစ်ပါးအပေါ် အနစ်နာခံပေးဆပ်ပါရမီဖြည့်ရင်း မိမိဘဝ တိုးတက်မှု ဖြစ်ထွန်းလာပါမယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား ဆိုသလို မိမိရဲ့ဆွေမျိုးအသိုင်းအဝိုင်းအပေါ် ကောင်းသောအရိပ် လွှမ်းမိုးပေးနိုင်ပါမယ်။ ဘဝမှာ အေးချမ်းစွာ နေလိုတတ်ပြီး အိုဇာတာကောင်းမွန်သင့်မြတ်သူများဖြစ်ပါတယ်။ ဘာသာရေးနှင့်ပက်သက်သော် ပုဂ္ဂိုဟ်ထူးများ နှင့်ဆုံစည်းရခြင်း ပဋ္ဌာန်းဆက်ရှိတတ်သော ဖွားဇာတာများ ဖြစ်ပါတယ်။ မကြာခဏ ညောင်ပင်သန့်ရှင်းရေး ကုသိုလ်လုပ်ခြင်း၊ ညောင်ရေသွန်းခြင်းကုသိုလ်များ ဆောင်ရွက်ပေးသင့်သော ဇာတာများဖြစ်ပါတယ်။
(၂) စပါးပင်ဖွား - ကုန်သည်လုပ်ငန်း စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပက်သက်ပြီး အောင်မြင်မှုပေးတတ်သော ဇာတာများဖြစ်ပါတယ်။ ဘဝမှာ အချိန်ယူ ကြိုးစားတည်ဆောက်ရင်း အနာခံသမျှ အသာစံရတတ်သော ကံအနေအထားရှိပြီး ပတ်ဝန်းကျင်အသိုင်းဝိုင်းအပေါ် ကောင်းသောအကျိုးကျေးဇူး ပြုနိုင်ပါမယ်။ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်တာထက် အများနဲ့၊ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမို အဆင်ပြေသောအနေထားကို ရောက်ရှိပါမယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အတွေးအခေါ် ဉာဏ်ပညာ ပြောင်းလဲမှု ကောင်းသောဘက်ကို ဦးတည်လာတတ်သော ဖွားဇာတာများ ဖြစ်ပါတယ်။ မကြာခဏ ငှက်စာကျွေးခြင်း၊ ကုသိုလ်ပြုပေးခြင်းဖြင့် ကံဇာတာတိုးတက်မြင့်မားမှု ရှိပါမယ်။
(၃) အရွက်မရှိသောအပင်ဖွား- ဒီဇာတာဖွားတွေကတော့ ကိုယ်ထူးကိုယ်ချွန် ကြိုးစားလုပ်ဆောင်ရတတ်သော သူများဖြစ်ပါတယ်။ အများနဲ့လုပ်တဲ့ လုပ်ငန်းကိစ္စများထက် တစ်ဦးတည်း စွန့်စားလုပ်ကိုင်တတ်ခြင်းက ပိုမို အဆင်ပြေစေတတ်ပါတယ်။ အပူပိုင်းဒေသ၊ မြေလတ်ဒေသများမှာ ပိုမိုအကျိုးဖြစ်ထွန်းတတ်ပြီး ရေနားနီးသော နေရာဒေသ၊ မိုးတွင်းကာလများမှာ အဆင်ပြေမှုအားနည်းတတ်သော ဖွားဇာတာများဖြစ်ပါတယ်။ ဘဝမှာ သူတစ်ပါးထက် ပိုပြီး လောကဓံကို ရင်ဆိုင်ရတတ်သော ဇာတာများဖြစ်ပြီး မကြာခဏ ရေကုသိုလ်ပြုပေးခြင်းဖြင့် အေးချမ်းအောင်မြင်သော အနေအထားတစ်ခုကို ပိုင်ဆိုင်ရတတ်သော ဖွားဇာတာများဖြစ်ပါတယ်။
(၄) ပဒေသာပင် - ဒီဖွားဇာတာတွေကတော့ ဘဝမှာ အလှူအတန်း ပေးကမ်းရတတ်သောသူများဖြစ်ပါတယ်။ လိုရာဆန္ဒအတွက် အချိန်ပေး ကြိုးစားလိုက်တာနဲ့ မဝေးသောပန်းတိုင် ပေါ်ပေါက်လွယ်တတ်ပြီး လူချစ်လူခင် များတတ်ခြင်း၊ ကူညီဖေးမသူ များပြားတတ်ခြင်းကံကို ပိုင်ဆိုင်သူများဖြစ်ပါတယ်။ လိုလျှင်တောင့်တနည်းလမ်းရ ဆိုတဲ့အတိုင်း မိမိအတွက် ကံတရားဖေးမမှုက အဆင်သင့်နေတတ်သောဇာတာများဖြစ်ပြီး မကြာခဏ အလှူဒါန ပြုပေးခြင်းဖြင့် ပိုမိုကောင်းမွန်သာ ကံတရားဖေးမမှုကို ခံစားရတတ်သောဇာတာများဖြစ်ပါတယ်။
ကိုယ်တိုင်တွက်စစ်၍ အကျိုးဖြစ်ထွန်းကြပါစေသတည်း။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ။
Comments
Post a Comment