“ ဝိဇ္ဇာပညာ နှင့် ပွဲအကြောင်း ”

“ ဝိဇ္ဇာပညာ နှင့် ပွဲအကြောင်း ”
“ ပွဲ ”ဆိုသည်မှာ စည်းကားခြင်း များပြားခြင်း ဟူသည့် သဘောကိုဆောင်ပါသည် ။ မြန်မာ့ရိုးရာ ဓလေ့ တွင် အုန်းငှက်ပျော စသောပွဲ သည် မပါမဖြစ် အရေးပါသောအရာဖြစ်သည် ။
“ ပွဲ ” ရှိမှ “ ပွဲ ” လာကြသည် ဆိုစကားအတိုင်း မင်္ဂလာပွဲ အလှူပွဲများမှစ၍ နောက်ဆုံး သေဆုံးသောအချိန်ထိ ပွဲမပါလျှင် မပြီးနိုင်ပါ ။
အိမ်တိုင်းတွင်လဲ ဂိုဏ်းတော်ဝင်မဟုတ်သည့်တိုင် မိမိတို့ယုံကြည်မှု အတိုင်း ရိုးရာဓလေ့အတိုင်းပြင်ဆင်ပီး ပွဲထိုးလေ့ရှိကြပါသည် ။
ပွဲတစ်ပွဲ ကို ပြင်ဆင်ရာတွင် တွင် အုန်းသီး ကို တစ်လုံးသာ သုံးကြသော်လဲ ....
ငှက်ပျောသီးအရေအတွက်မှာမူ ကိုယ့်အယူအဆ နှင့်ကိုယ် ဖြစ်ပါသည် ...
၂ဖီး ၃ဖီး ၅ဖီး မှစ ... ၁၀၈ ဖီး စသဖြင့် မိမိတို့ အစီအရင်နှင့် မိမိတို့ ထိုးလေ့ရှိကြပါသည် ။
အုန်းသီးကိုမူ ကြွက်မြီးမပြတ်သော ကောင်းသော အုန်းကိုသုံး၍ တတ်နိုင်လျှင် အုန်းရွှေဝါ ဆိုသော လိမ္မော်ရောင် ရှိသော အုန်းကိုသုံးကြပါသည် ။ မရလျှင်တော့ အုန်းသီးအစိမ်းကိုသုံးကြသော်လဲ ဂိုဏ်းတော်ချုပ်အဖဆရာဟန်ရှိစဉ်က ဖက်ဖူးစိမ်းရောင် အုန်းစိမ်းကိုကား တတ်နိုင်သမျှ မသုံးဟု မှတ်သားဖူးပါသည် ။
ရှေးဦးပထမ “ ပွဲ ” တွင် အဘယ့်ကြောင့် အုန်းသီး အား အသုံးပြုသည်ဆိုသည်ကို လေ့လာခဲ့ဖူးသော နည်းတစ်နည်းအား အပိုင်း ( ၂ ) တွင် တင်ပြသွားပါအုန်းမည် .... ....
“ ဝိဇ္ဇာပညာ နှင့် ပွဲအကြောင်း ” ( ၂ )
“ ပွဲ ” လှူသောအခါ အဘယ့်ကြောင့် " အုန်းသီး ” ထည့်ကြသနည်း ?
ကျွန်ုပ်တို့ ရှေးဦးပထမ သိထားလက်ခံထားကြရမည်မှာ ဝိဇ္ဇာမဟိဒ္ဓိ အတတ်ပညာတို့ သည် ဟိန္ဒူဘာသာ နှင့် တနည်းနည်း ဆက်စပ် ဆင်းသက်လာခဲ့သည်ဆိုသောအချက်ပင်ဖြစ်ပါသည် ။
မြန်မာအစတကောင်းက ဟုဆိုကြသလို မြန်မာလူမျိုးတို့သည် သကျသာကီဝင် အနွယ်တို့မှဆင်းသက်လာခဲ့သောကြောင့် ...
ထိုအချိန်ကအိန္ဒိယတိုက်တွင် ထွန်းကားခဲ့သည့် အိန္ဒိယ တိုက်သားတို့အသုံးပြုခဲ့သည့် များစွာသော ရှေးဟောင်းလောကီအတတ်ပညာ များ မန္တန်အတတ် ဆေးအတတ် ဗေဒင် နက္ခတ် အတတ် အင်းအတတ် တို့သည် မဇ္ဇျိမ ဒေသမှ အဆင့်ဆင့်လက်ဆင့်ကမ်း ရောက်ရှိ လာခဲ့ပါသည် ။
ထိုအထဲတွင် အိန္ဒိယတိုင်သား ဆာဒူးကြီးများရွတ်လေ့ရှိသော မန္တာန်တို့၏ရှေ့တွင် ထည့်သွင်း ရွတ်ဆိုကြသော “ ဥုမ် ” ဟူသော အသံ ၏ အဓိပ္ပါယ်မှာ “ အောင်မြင်ခြင်း ” ဟု အဓိပ္ပါယ်ရပါသည် ။
ဥုမ် ၏ မူရင်း ဘာသာမှာ သက္ကဋဘာသာ ဟု သိရသည် ။
အချို့ကျမ်းတွင်မူ ဟိန္ဒူနတ်ဘုရား တစ်ပါး၏နာမည်အစ စာလုံးများပေါင်းရွတ်လျှင် ထွက်လာသောအသံ ဟု ယူဆကြသည် ။
“ ဥုမ် ” ရွတ်ဆိုသောအခါ တက်သံ ကျသံကိုယူပီး ဋ္ဌာန် နှင့် မာန် နှင့် ရင်ခေါင်းထဲမှာလာသောအသံ နှင့် ရွတ်ဆိုရလေ့ရှိပါသည် ။
အောင်မြင်စေလိုသောကိစ္စတို့တွင် တက်သံကို အာရုံယူ၍ အုမ်း ဟု ( အနီးစပ်ဆုံးပြခြင်း ) ဝစ္စပေါက် ထည့်လျှင် ထွက်သော အသံကဲ့သို့ ဌာန် နဲ့ အားထည့်ပီး ရွတ်ရပါသည် ။ အကျယ် ကို လေ့လာကြပါကုန် .....
* ဥုမ် ( ခေါ် ) ဥုံ မပါ လျှင် ဂါထာ ..
ပါလျှင် မန္တာန် ..
“သြောင်း” ဟုစရွတ်လျှင် မန္တယား ........ *
၎င်း ဥုမ် ဟူသော “ အောင်မြင်စေရာတည်း ” ဟူသော ဌာန် နှင့် အသံကို ရုပ်ဝတ္တုပစ္စည်းအဖြစ် နှင့် ပြောင်းလဲအာရုံယူ၍ “ အုမ်း / အုန်း ” ကို ထည့်သွင်းအသုံးပြုကြခြင်း ဖြစ်ပါသည် ။
ဤကားတစ်နည်း ။
နောက်တစ်နည်းကားး ....
အုန်းရည်သည် မူလဓါတ်သဘောအရအပူကိုငြိမ်းအေးစေ၍ အဆိပ်အတောက်ကိုနိုင်နင်းစေသည် ။
မည်သည့်အရာနှင့်မျှ မထိဘဲ အပင်ပေါ်ရှိအသီးထဲတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသဖြင့် နတ်ရေစင်အဖြစ် အာရုံယူကာ ဆေးစမအင်းတို့ ဖျော်သောက်လိမ်းကျံသည့်အခါ သန့်စင်သော ရေစင်အဖြစ် အသုံးပြုကြခြင်းဖြစ်သည် ။
အုန်းရေ / လပြည့်နေ့ည ရွာသောမိုးရေ ( ကောင်းကင်မှကျသောအခါ ဘာနှင့်မှ မထိဘဲ တိုက်ရိုက်ခံ ယူ ) စသော ရေတို့သည် အင်မတန်အသုံးကျယ်သော ရေစင်များဖြစ်ကြပါသည် ။
ထို့ကြောင့် ဤကား တနည်းမှတ်ယူကြပါ ။
နောက်တစ်နည်းက ....
ကျွန်ုပ်တို့ နေစကြာဝဠာတွင် နေမင်းကို ဗဟိုပြု၍ ဂြိုလ် နက္ခတ်တာရာတို့လှည့်ပတ် နေရပီး ဤ နေမင်းကြီးကြောင့်သာလျှင် စင်္ကြာဝဠာကြီးတခုလုံ ( လောကဓါတ် ကြီးတခုလုံး ) အလင်းရောင် နှင့် တေဇောဓါတ်ဟူသည့် အသက်ဇီဝဓါတ်တို့၏ပင်မ ဓါတ်ကြီး ကို ရရှိရသောကြောင့် သတ္တဝါတို့ ဖြစ်ထွန်းပေါ်ပေါက်လာရ ပါသည် ။
ထို့ကြောင့် မြတ်ဘုရားရှင် ကိုယ်တော်တိုင်ပင် နေမင်းကြီး၏ကျေးဇူးကို တခုတ်တရ ချီးမွမ်း၍ ဟောကြားခဲ့ဖူးပါသည် ။
ဥပမာဆောင်သော် ...
ယန္တယားစက်တို့တွင် ဓါတ်ဆီကဲ့သို့လောင်စာဆီ ရှိမှ လှည့်ပတ် အသက်ဝင်သကဲ့သို့ ....
လူသားတို့တွင်လဲ နှလုံး အိမ်တွင်လဲ အသက်ဇီဝဓါတ် ရှိမှ အသက်ရှင် ရပ်တည်နိုင်သကဲ့သ်ု့ ( နှလုံးသားသည် အသက်မဟုတ်ပါ ) ...
အစီအရင် တို့တွင်လဲ မည်မျှပင် ပါဝင်သောပစ္စည်းတို့ကောင်းမွန်နေပါစေ အသက်ဓါတ် ( တနည်း အသက်မသွင်း နိုင်လျှင် ) မရှိလျှင် အခွံသာဖြစ်နေပါလိမ့်မည် ။
ထို့ကြောင့် အသက်ဇီဝဓါတ်တို့ ဖြစ်တည်ရာ ပင်မ တနင်္ဂနွေ ဂြိုလ်မင်း ( အန္တော = မီးဓါတ် ) ကို ကိုယ်စားပြု ထည့်သွင်း ခြင်းဖြင့်တနည်း ၊
ထွန်းလင်းခြင်း တောက်ပခြင်းဖြစ်စေရန် နှင့် အဆိပ်အတောက် အပူအငွေ့တို့ကို အုန်းသီးမှ စုပ်ယူပီး ကာကွယ် နိုင်နင်းမှု ဖြစ်ရန် အတွက် တစ်နည်း ၊
ပွဲ၏အလယ် တွင်..... မိမိတို့ ပြုလုပ်သော အစီအရင်တို့ ဖြစ်ထွန်းအသက်ဝင်စေရန် အဖြစ်ရည်ညွှန်းကာ အုန်းသီး ကိုထည့်သွင်းကြခြင်းဖြစ်ပါသည် ။
ဤကားတစ်နည်း ပြီး၏ ။
နောက်တစ်နည်းကား ....
ဝိသာခါ ကျောင်းအစ်မကြီး ဝတ္ထု အရဆိုလျှင် တော့ ဘုရားရှင်အား သူကိုယ်တိုင် မသွားနိုင်သဖြင့် အုန်းသီးကိုမိမိဦးခေါင်းဟု၎င်း
ဘေးမှ ငှက်ပျောသီးများအား လက်အုပ်ချီသည့်ပုံဖြင့် ၎င်း ရည်မှန်း၍ တောင်းပန်သည့်အနေဖြင့် အသုံးပြု ခဲ့ ခြင်း မှ ဤ အယူအဆ ဓလေ့ ဖြစ်ထွန်းခဲ့ ခြင်း ဖြစ်ပါသည် ။
ဤကားးတစ်နည်း ပြီး၏ ။
“ ပွဲ ” ၌ အုန်းသီး အဘယ်ကြောင့်သုံးသည် ဟူသော အဖြေ ဤတွင် ပြီး၏ ။
အုန်းအညှာ လှည့်ပုံ ကားးး ....
ပွဲအား ဓါတ်အစီအရင် ဖြင့် ....
အတိုက်အခိုက်များ ကာကွယ်ရန် အတွက် အိမ်ပေါက်ဝသို့ လှည့်ထား သလို ...
အချို့ ဒါန ပွဲများ အနေဖြင့်ကား... ဘုရား ကျောင်းဆောင်ဘက်သို့ လှည့်ထား ကြပါသည် ။
* မည်သို့ပင်ဆိုစေ အုန်းအညှာမှာ ငှက်ပျော ၂ ဖီးကြားထဲ
မှသာ မိမိ လှည့်ထားလိုသော အရပ်သို့ ညွှန်ပြနေရပါမည် ။ *
အကယ်၍ အုန်းသီးမှ အလိုအလျောက် အညှာကျွတ်ခဲ့လျှင်ဖြစ်စေ ...
ပွဲအုန်းထပေါက်ခဲ့လျှင် ဖြစ်စေ ယင်းအညှာအား သေချာသိမ်းထား၍
တံခါးပေါက် အပေါ်ဘောင်၌ ချိတ်ခဲ့လျှင် ပယောဂမဝင်နိုင်သလို အတိုက်အခိုက်အတွက် အင်မတန် ကောင်းသော သိဒ္ဓိရှိသောပစ္စည်း ဖြစ်သည်ဟု အကိုဆရာတစ်ယောက် စကားအား မှတ်သားခဲ့ရဘူးးပါ သည် ။
ဤ တွင် အုန်း ကိစ္စ ကျွန်ုပ်သိသမျှကို ပညာပါရမီပြည့်စေရန် ရည်မှန်း၍ ပညာလိုလားသူများအတွက် ဝေမျှခြင်း ပြီးစီးပါပီ ။
အပိုင်း (၃) တွင် “ ပွဲ ”ထဲ တွင် ကွမ်း လက်ဖက် ငှက်ပျောသီးတို့ ကို မည်သည့် ရည်ရွယ်ချက် , မည်သို့ ဓါတ်သဘောကိုရည်ရွယ်၍ ထည့်သည်ကို ရေးသားတင်ပြပါအုန်းမည် .....
“ ဝိဇ္ဇာပညာ နှင့် ပွဲအကြောင်း ” ( ၃ )
အဘယ်ကြောင့် “ ပွဲ ” ထဲတွင် ကွမ်း လက်ဖက် နှင့် ငှက်ပျောသီး ကို ထည့်ကြသနည်း ?
ငှက်ပျော ။ ။ ငှက်ပျောကို သုံးရခြင်းမှာ ( င+ပ ) သည် တနင်္လာ နှင့် ကြာသာပတေး နံကို တွဲထားခြင်းဖြစ်ပါသည် ။
တနင်္လာနံ ၂ + ကြာတေးနံ ၅ သည် ဓါတ်သဘောအရယူသော် ဂဗ္ဘေ ဓါတ်မိတ် ( ခိုင်မာတဲ့ ဂဗ္ဘေ ) ဖြစ်ပါသည် ။
လက်ဖက် ။ ။ လက်ဖက်ကား ( လ= ၄ + ဖ=၅ ) = ၉ ... နဝင်းဓါတ်ရပါသည် ။
ထို့ကြောင့် ငှက်ပျောသီးပေါ်တွင် လက်ဖက်တင်ခြင်းကား ထိုနဝင်းဓါတ်ကို ခိုင်မာစေရန် ဂဗ္ဘေဓါတ်ဖြင့် ချုပ်ထားခြင်းဖြစ်ပါသည် ။
ကွမ်းယာ ။ ။ ကွမ်းယာ သည် ( က=၂ + ယ=၈ ) = ၁၀ .... သိဒ္ဓိ ဆယ်ပါးသို့ ရည်ညွှန်းခြင်းဖြစ်ပါသည် ။
ထို့ကြောင့် ဆိုလိုရင်း အနက်ကောက်သော် .....
သိဒ္ဓိ ဆယ်ပါး နှင့်တကွ လောကီရေးရာ အဖြာဖြာတောင့်တသမျှ ကို ပေါက်မြောက်အောင်မြင်စေရန် ....
န+ဝင်း = ထိုသိဒ္ဓိ ဆယ်ပါး နှင့်တကွ မရှိသောအရာတို့ပြီးပြည့်စုံစေရန် အတားအဆီးမရှိ အညွန့်တလူလူတက်စေရန် ဟူသော ရည်ရွယ်ချက်အား ...
ကြံသမျှ ရသမျှတို့ မပျက်မစီး သူတပါးတို့ လဲ မဖျက်စီးနိုင်စေတဲ့ ....
ခိုင်မာတဲ့ ဂဗ္ဘေမိတ်ဓါတ် ချုပ် ၍ ဓါတ်ဆင်ထားခြင်း ဖြစ်ပါသည် ။
ထို့ကြောင့် ပွဲ၏အဓိပ္ပါယ် အားလုံးကို ချုပ်သော်...
အလယ်တွင် အုန်းသီးကား လောကဓါတ်၏ အသက်ဇီဝ ကိုပေးစွမ်းသည် သူရိန်နေမင်း ၏ အန္တောဓါတ် (သို့မဟုတ် )
ဥုံ ဟူသော အောင်မြင်ပြည့်စုံပြီးမြောက်စေသတည်း ( သို့ )
အတိုက်အခိုက် အပူ မှန်သမျှ ချုပ်ငြိမ်းစေ သော ငြိမ်းအေးခြင်း ဟူသည့် ဓါတ်ကို ဌာပနာတည်၍ ....
သိဒ္ဓိဆယ်ပါး နှင့်တောင့်တသမျှကြံစည်သမျှ ပြည့်စုံရန်
အတားအဆီးမရှိအထက်သို့တက်စေသည့် ပြီးပြည့်စုံသော နဝင်းဓါတ် တို့ကို ခိုင်မာစေသည့် ဂဗ္ဘေ ဓါတ်မိတ် တို့ဖြင့် ချုပ်၍ စနစ်တကျဖွဲ့စည်း စီရင်ထားခြင်းဖြစ်ပါသည် ။
၃ ဖီးပွဲ ၂ ဖီးပွဲ တို့လှူခြင်းကားးး လကျာ်ပွဲ လက်ဝဲပွဲ အနေဖြင့်စီရင်ထားခြင်းဖြစ်ပါသည် ။
၃ ဖီးပွဲသည် လကျာ်ပွဲ ဖြစ်၍ ၂ဖီးပွဲ သည် လက်ဝဲပွဲ ဖြစ်ပါသည် ။
ဓါတ်သဘောအရ ယူသော် လကျာ်သည် အအေးဓါတ် ဖြစ်၍ လက်ဝဲသည်အပူဓါတ်ဖြစ်ပါသည် ။
သို့သော် ....
- ခေတ်ကာလ ရွေ့လျော လာခြင်း...
- မှတ်တမ်းမှတ်ရာများ ပျောက်ကွယ်ခြင်း..
-ဆရာများက မိမိတို့ ကိုယ်ပိုင်အာဘော်များ ကောင်းနိုးရာရာထည့်သွင့်းလာကြခြင်း ..
-စိတ်ကူးယဉ်ဇာတ်လမ်းများရောနှောလာကြခြင်း ...
- မသိလျှင် မသိဟု မပြောချင်သောကြောင့် စိတ်ကူးတည့်ရာ လက်တန်းတိုးပြောလိုက်မိသည်ကို မှတ်တမ်းဖြစ်သွားခြင်း ....
စသော အချက်များကြောင့် ဂိုဏ်းတော်၏ မူရင်အစစ်အမှန် ပညာ၏ အနှစ်သာရ တို့သည်....
-တဖြည်းဖြည်း ရောနှောပုံစံပြောင်းလာရာမှ ...
ကြာသော် အဓိပ္ပါယ်လုံးလုံးပြောင်းလဲသွားခြင်း ...
-အချို့ပျောက်ကွယ်သွားရခြင်း များ ...
-အတတ်ပညာကို သင်ယူလေ့လာစရာဘာသာရပ်အတတ်ပညာ ဟု မမြင်တော့ဘဲ ကိုးကွယ်မှု များအနေဖြင့်ရောနှောမှု လွန်ကဲလာသည့်အခါ
ထေရဝါဒဘုရားဟော ထဲမပါသောအချက်များတွေ့လျှင် ဝေဖန်ခံရမည်ကို ကြောက်လန့်ပီး ဖုံးကွယ်လိုက်မိခြင်း ....
/ သင့်တော်သလို ပြောင်းလဲလိုက်မိခြင်းတို့ကြောင့် .....
အဖဆရာကြီးများ၏ ပညာအနှစ်သာရ အစစ်အမှန် တို့ကိုနှောင်းလူတို့ အကုန်အစင် ရယူဖို့ လေ့လာဖို့ ခက်ခဲလာ နေကြခြင်းဖြစ်ပါသည် ။
ထို့ကြောင့် နိဂုံးချုပ်သော် “ ပွဲ ” ဟူသည်ကား ဓါတ်အစီအရင်တစ်ခုသာဖြစ်ပါသည် ။
* ဓါတ် ၏ အကျိုးကား အနန္တ ”
ကျန်သော အပိုင်းတို့အား မိမိတို့ဉာဏ်ကွန့်နိုင်သလောက် ဤ အခြေခံအချက်များပေါ် မူတည်ပီး ချဲ့ထွင်ယူဆနိုင်ကြပါသည် ။
အပိုင်း ( ၄ ) တွင် ပွဲပြင်ပုံ နည်းများအား သင်ယူ မှတ်သား ဖူးသမျှ ရေးသားတင်ပြပါအုန်းမည် ။
“ ဝိဇ္ဇာပညာ နှင့် ပွဲအကြောင်း ” ( ၄ )
“ ပွဲပြင်ပုံ နည်းစနစ်များ ”
ကျွန်ုပ်တို့ အထက်ဂိုဏ်းလမ်းစဉ်နည်းအရ မဟာဂန္ဓာရီ စမဝိဇ္ဇာပညာရှင်တို့ ပွဲလှူခြင်းကား အဓိပ္ပါယ် (၃) မျိုး ရှိပါသည် ။
ပထမမှာ.... မိမိတို့ဆရာအစဉ်အဆက်အား အမြဲ အမှတ်ရနေစေရန်!
ဒုတိယမှာ..... စီးပွားဥစ္စာများ အစဉ်တိုးပွာစည်ပင်နေစေရန် !
တတိယမှာ .....ရန်မှန်သမျှ ဝင်ရောက်နှောက်ယှက်ဖျက်စီးခြင်းမပြုနိုင်စေရန်
တို့ဖြစ်ပါ သည် ။
တောင်းပန်ပွဲ ကား အပြစ်လုပ်မိသည့်အခါ ဆရာသမားမိဘတို့အား တောင်းပန်ရန် သုံးခြင်းဖြစ်ပါသည် ။
( ငှက်ပျောသီးအမှည့်ကိုသာသုံးပါသည် ။ )
ကုပွဲ တွင်လဲ အမှည့်သာ သုံးလေ့ရှိကြပါသည် ။
ပွဲလှူတော့မည်ဆိုလျှင် ....
“ အုန်းသီး ”
-အုန်းရွှေဝါ ခေါ် လိမ္မော်ရောင်အုန်း ကို သာတတ်နိုင်သမျှ သုံးပါသည် ။
- ရွှေချထားသော အုန်းသီးသုံးနိုင် ပါသည် ။
- တတ်နိုင်သမျှ ဖက်ဖူးစိမ်းရောင် အုန်းစိမ်းအား အဖဆရာဟန် ရှောင်ပါသည် ။
- ကြွက်မြီးဟူသည့် အုန်းအညှာ ကောင်းကောင်း ( ရှည်ရှည် / အဖျားမကျိုး / မပြတ် / အောက်မစိုက် ) သုံးပါ ။
- အုန်းကြွက်မှီး ကို
အိမ်မျက်နှာစာ ရှိသော ဘက်ကို လှည့်ပီး ထား ပါ ။
“ ငှက်ပျောသီး ”
- ဓါးခုတ်ရာမပါ
- လက်ညှိုး ထိုးဟုခေါ်သော သိမ်နေသည့်မဖွံဖြိုးသည့် အသီး မပါ
-အလုံးရေ ၁၀ လုံးနှင့်အထက်
- မသုံးသင့်သောငှက်ပျောများမှာသူငယ်စာ/ဝက်မလွတ်/နံသာပု / ငှက်ပျောချဉ် စသည်တို့ဖြစ်ပါတယ်
- ရခိုင် / ဖီးကြမ်း / ရွှေနီ / သီးမွှေး / ထောပတ် / စသော ရနံ့မွှေး အရသာကောင်းသော အမည်နိမိတ်ကောင်းသော အသီးများ သာ
-ရွှေချ၍ သုံးနိုင်သည် ။
“ ကွမ်းရွက် ”
- အရွက် မပြဲမစုတ် အဖျားမပြတ်
- ကွမ်းရိုးရှည်ရှည် ( ခေါက်ပီးထိုးလျှင် အရိုးသည် အုန်းသီးအား ထိသည်အထိ ရှည်လျှင် အကောင်းဆုံးဖြစ်သည် ။ အုန်းမှ ဓါတ်နှင့်တိုက်ရိုက်ချိတ်ဆက်သည့်သဘော ဖြစ်သည် )
- ထုံး / ကွမ်းသီးခြမ်း ( အဝိုင်းအပြား ) /
-လက်ဖက် ( ဆီမနှပ်ရသေးသော အညွန့်အသားချည်းပါသော )
ရှေးဦး ပထမ ပွဲဇလုံ နှင့် အုန်း ငှက်ပျော လက်ဖက် ကွမ်းရွက် ကွမ်းသီးခြမ်း များကို ရေနှင့် စင်ကြယ်အောင်ဆေး၍ ဇလုံတခုထဲတွင် သစ္စာဆို ၍ စက်ဖြတ်ရေစင် တောင်း နံသာရေရောချင်ကရော၍ ထပ်မံဆေးကြောပါ ။
ထို့နောက် ရေခြောက်အောင် သီးသန့်ထားသောအဝတ်သန့်သန့်ဖြင့် သုတ်ပါ ။ အကြောင်းမှာ အချို့ငှက်ပျောသီးမှားမှာနုသဖြင့် ရေမစင်မခြောက်လျှင် ပွဲထဲတွင် မှိုတက်ခြင်း ၊ ရေနာ၍ မည်းခြင်း ထိပ်ပိုင်းပုတ်ခြငိးများ ဖြစ်တတ်၍ ဤသို့ဖြစ်ခြင်းအား မသိလျှင် အတိုက်ဝင်သည် ဟု ထင်နေတတ်ကြသောကြောင့်ဖြစ်ပါသည် ။
ထို့နောက် လုပ်နိုင်လျှင် စင်တစ်ခုပေါ်တင်၍ ဂုဏ်တ်ာကိုးပါး / ပရိတ် ပဌာန်း / နက္ခတ်ချေဂါထာ / သနချေ ဂါထာတော်များ ရွတ်ဖတ် ၍ သပြေခက်နှင့် နံသာရည် ပက်ဖြန်းပါသည် ။
စတင်ပြင်သောအခါ ရှေးပထမ ပွဲဇလုံကို နံသာရည်ပက်ဖြန်း၍ အုန်းသီးကို ပထမဆုံး အလယ်၌တည်ရပါ သည် ။
ထို့နောက် ငှက်ပျောတဖီးအား ရှေ့မှ တဖီး အရင်တည်၍ လကျာ်တဖီး လက်ဝဲတဖီး လကျာ်ရစ်လှည့် သရဏဂုံရွတ်ဆို၍ ထည့်ပါသည် ။
* သရဏဂုံ မပျက်လျှင် ဘဝမပျက်ပါ *
ကွမ်းယာပုံ -
ကွမ်းရွက်အချောဘက်မှ ထုံးသုတ်ရပါသည် ။
သုတ်သည့်အခါ ..
အရင်းမှ အဖျားဘက်သို့ ညွှန်၍
၁- ကက္ကုသံ မြတ်စွာဘုရားရှင်တည်တော်မူပါဘုရား ( ကွမ်းရွက် အလယ် အဖျားထိပ် )
၂-ကောဏဂုံ .... ( ဘယ်ဖက် )
၃-ကဿဖ... ( ညာဖက် )
၄-ဂေါတမ...( ကောဏဂုံ အောက် )
၅- အရိမေတ္တယျ ..... ( ကဿဖ အောက် )
ဟူ၍ ငါးကြောင်း အောက်မှအထက်ဖျားဆီသို့ ဆွဲ ပါသည် ။
ဤကားတစ်နည်း ။ ။
နောက်တစ်နည်းကား ...
ဘုရားငါးဆူ ဘွဲ့တော်နေရာတွင် အနန္တောအနန္တငါးပါးရွတ်၍ ငါးကြောင်းဆွဲပါသည် ။
ဤကားတစ်နည်း ။ ။
နောက်တစ်နည်းကားး ...
ကွမ်းရွက် ဘယ် / ညာ ၂ ခြမ်းတွင် ထုံးဖြင့် ကိုးနဝင်းညွန့်ရေး တဖက်စီ ရေးဆွဲပါသည် ။
* ဤနည်းကားကျွန်ုပ်ကိုယ်တွေ့ အတော်လေး အကျိုးပေးပါသည် ။ *
နောက်တစ်နည်းကား ။ ။ တေဇောဓါတ်က်ု ကိုယ်စားပြုပီး ကွမ်းရွက် ၏အပေါ် ထိပ်တစ်ပိုင်းလုံးအား ထုံးသူတ်ကာ အောက်ပိုင်းကား အအေးဓါတ် ဂဗ္ဘေကို ကိုယ်စားပြုပ့ါသည် ။
“ကွမ်းသီးခြမ်းထည့်ပုံ ”
ကွမ်းသီးအဝိုင်းကို တစ်ဝက်တိတိခြမ်း၍
ပထမ ကွမ်းယာတွင် - အဝိုင်းခြမ်း၂ ခု ဆိုင်၍ ထုံးအပေါ်တွင် ထည့်ပါသည် ။ “ ဝ ” အက္ခရာ တစ်ခုတည်းသာကိုယ်စားပြုရည်ညွှန်းသလို အချို့ကလဲ သုည ဂဏန်းဟု ယူဆကြပါသည် ။
ခေါက်သည့်အခါ ထို ၂ ခြမ်း ထပ်မသွားစေရန် အထူးဂရုပြုပါ ။
တနည်း ။ ။ ကွမ်းသီးအဝိုင်း ၂ ခြမ်းသည် နေ နှင့် လ ကို ကိုယ်စားပြုပါ သည် ။
နောက်တစ်နည်းကားးး .....
ကွမ်းရွက်ညာဘက်ခြမ်းတွင် “ စ ” စက္ခုမာစရမာစိဏ္ဏော ဟုဟိန်း၍ စ အက္ခာနှင့်တူအောင် ထည့်သည် ။
ဘယ်ဘက်တွင် “ဓ” ဓမ္မညု ဓမ္မသာမိကော ဟိန်းကာ “ ဓ ” နှင့်တူအောင် အောက်စိုက်၍ ထည့်ပါသည် ။
နောက်တစ်ယာတွင် ဗ နှင့် ဝ ကိုရည်ညွှန်းပီးထည့်ပ့ါသည် ။
ဤတွင် ဝ ကို ရေးသာရာ၌ မျက်နှာအလှည့်မှာ “ စ ” နှင့် ပြောင်းပြန် အလှည့်ထားရပ့ါသည် ။
ရှေးမူတစ်ခုအရ ရှေးက “ စ ”ကိုရေးရာတွင် ဘယ်ဘက်အခြမ်း၌ ချိုင့်၍ ရေးရသကဲ့သို့ ....
“ဝ” ကိုရေးရာတွင် ညာဘက်အခြမ်း၌ အချိုင့်ထည့်၍ ရေးပ့ါသည် ။
ကွမ်း ၂ ယာတွင် စဓဗဝ ဓါတ်လေးပါး စုံညီအောင် ထည့်သွင်းစီရင် ခြင်းတစ်နည်းဖြစ်ပ့ါသည် ။
ထို့နောက် ကွမ်းရွက်ခေါက်ရာတွင် ဘယ်ဖက်အခြမ်းအရင်ခေါက်၍ ညာဖက်ခေါက်ကာ အောက်မှ အထက်သို့ ခေါက်တင်ပါသည် ။
ကွမ်းရိုးထိပ်မည်းနေလျှင် အနည်းငယ်လက်နှင့် ဆိတ်ဖြတ်ပနိုင်ပါသည် ။
* ကွမ်းရွက်အဖျားကိုကား မပြတ်စေရပါ *
ထို့နောက် ပွဲထဲရှိ ငှက်ပျောဖီး လိုင်း ၂ လိုင်းကြားတွင် အုန်းသီးဘက်မျက်နှာမူ၍ ထည့်ပါ ။ ကွမ်းအရိုးရှည်လျှင် အုန်းသီးကိုထိနေပါလိမ့်မည် ။ ဤသို့ထိလျှင်ကား အကောင်းဆုံးဖြစ်သည် ။
“ လက်ဖက်ထည့်ပုံ ”
ကွမ်းယာအတိုင်းအချောဘက်မှာထည့်ကာ ဘယ်ညာခေါက် ထုပ်ပီးထည့်ရပါသည် ။
ပွဲတွင် ထည့်သည့်အခါ ...
လက်ဝဲဘက်မှစပီး ကွမ်း လက်ဖက် ကွမ်း ဟု လက်ကျာ်လှည့် ထည့်သွားသလို ....
လက်ဖက်အား ရှေ့ဆုံးအဖီးတွင်ထည့်၍ ဘယ်/ ညာတွင် ကွမ်းယာအား ထည့်တတ်ကြပါသည် ။
-ဖယောင်းတိုင် အမွှေးတိုင် တို့ထည့်သောအခါ
နည်းတစ်နည်းအရ ...
ပွဲထဲတွင် အထုပ်ကို ဖောက်၍အိတ်ကိုဖွင့်ထည့်လှူကြပါသည် ။
ထို့နောက်ပွဲစွန့်သည့်အခါ ယင်းဖယောင်းတိုင်အမွှေးတိုင်များအား အသုံးပြုပီး နောက်ပွဲတွင် ပြန်မထည့်ကြပါ။ စွန့်ပီးသည့်နှင့် တခါတည်းပြန်သုံးကြပါသည် ။
-အောင်သပြေ စသောပန်းတို့အား သီးသန့် အိုးနှင့် လှူရပါသည် ။
ပွဲမစွန့်ခင် ပန်းတို့ညှိုးခြောက်တတ်သဖြင့် အချိူ့ဆရာကြီးများက ပွဲတွင်ထည့်မလှူကြပါ ။
-နဝကမ္မအလှူငွေကိုကန်တော့ထိုး၍ ထည့်နိုင် ကြပါသည် ။
-နဝကမ္မငွေကိုကန်တော့ထိုး၍ထည့်နိုင်ကြသည်ဆိုရာတွင်နတ်ကတော်များကိုနတ်ပွဲကိုဆက်သလိုကန်တော့ထိုးဆက်ရမည်မဟုပ်ပါ။အရှည်လိုက်ခေါက်ကာငှက်ပျောသီးနှစ်လုံးအကြားညှပ်၍ထည့်ခြင်းဖြစ်ပါသည်။ကန်တော့ထိုးပြီးထည့်ခြင်းကိုရွှေရင်ကျော်ဆရာကြီးများမပြုလုပ်ကြသည်ကိုမှတ်သားမိပါသည်။
“ လက်ဝဲပွဲပြင်ပုံ ” အထက်ပါနည်းအတိုင်းဖြစ်၍ ငှက်ပျောသီးအား မျက်နှာချင်းဆိုင်အပ်၍ ၂ ဖီးသာသုံးပါသည် ။
ကွမ်းတစ်ယာ လက်ဖက်တစ်ယာအားအထက်ပါနည်းအတိုင်းပင် ယာ ၍ ထည့်ရပါသည် ။
ဤနေရာတွင် အရေးကြီးသည်မှာ ----
နတ်မင်းကြီးများ နှင့် မယ်တော်ပွဲကို အဖဝိဇ္ဇာများ ပွဲထက် နိမ့် ပီး တင်ရမည်ဟူသော အချက်မှာ လွန်စွာ မှားယွင်းနေပါသည်။
အဘဘိုးတော်ဟန် နှင့် နာယကဆရာကြီးတို့ မူတွင် လဲ လုံးဝမတွေ့ရသလို
နတ်မင်းကြီး လေးပါးမှာ အရိယာ နတ်မင်းကြီးများဖြစ်နေကြသောကြောင့် အဘတို့ထက် မန်ိမ့်ကြပါ ။
ထို့ကြောင့် ရှေးက အဘဘိုးတော်ဟန် မူ ရင်းနည်းအတိုင်းသာ တန်းတူ ထားအပ်ပါသည် ။
ပွဲ၏သက်တမ်းမှာကား ၅ ရက် မှ ၇ ရက်ထိ ကျော်လျှင် စွန့်နိုင်ပါသည် ။
ပွဲမှ စွန့်သော ငှက်ပျောသီးအုန်းသီးတို့အား စားသုံးခွင့် လှူဒါန်းခွင့် ပေးကမ်းခွင့် တောင်း၍ လှူဒါန်းနိုင် စွန့်ကြဲနိုင်သလို မိမိနှင့်
အိမ်သူအိမ်သားတပည့်များလဲစားသုံးလေ့ရှိကြပါသည် ။
သိူ့သော် တချို့ဆရာများကား ကုပွဲစွန့်သည့်အခါတွင် စက်များ ချုပ်ထား ဖမ်းထား လေ့ရှိကြသဖြင့်မစားတတ်ကြပေ ။
ဤကား ကျွန်ုပ်လေ့လာမှတ်သားသင်ယူခဲ့ဖူးသော ပွဲ ပြင်ပုံ နည်း ဖြစ်ပါသည် ။
ပညာပါရမီ ပြည့်စေရန် ရည်ရွယ်ရေးသားတင်ပြပါသည် ။
လိုအပ်ချက်များရှိခဲ့ပါက ဝင်ရောက်ဖြည့်စွက်ရေးသား ပေးကြပ့ါရန် မေတ္တာရပ်ခံ အပ်ပါသည် ။
ပန်းကြာရေလိုလန်းဖြာအေးကြပါစေ....
အပိုင်း ( ၅ ) တွင် ဘုရားရှင် နှင့် ပွဲ အကြောင်း ရေးသားပါအုန်းမည် ။ ၄ င်းအပိုင်းတွင်
မတူကွဲလွဲ လိုအပ်ချက်များ တွေ့ခဲ့ပါက အပြုသဘောဆောင်ဆွေးနွေး ပေးနိုင်ကြပါသည်က်
“ ဝိဇ္ဇာပညာ နှင့် ပွဲအကြောင်း ” နိဂုံး အပိုင်း( ၅ )
ဤ post ကိုရေးပီး တင်ရန်မတင်ရန် အတော်ပင်စဉ်းစားခဲ့ရပါသည် ။
ရေးသားထားသော အချို့ အချက်များမှာ သင်ဆရာမြင်ဆရာကြားဆရာတို့၏အချို့သောpost များမှ ကူးယူခဲ့ပီး အချို့မှာ ကျွန်ုပ် အယူအဆ နှင့် အာဘော်များသာဖြစ်ပါသည် ။
ထို့ကြောင့် လိုအပ်သည်များ အတွေးအခေါ်မှားများ ပါနေပါက ဆုံးမလမ်းညွှန်ပေးကြပါရန်
မြတ်စွာဘုရားရှင် နှင့် “ ပွဲ ”
အမှန်တကယ် ရိုးသားစွာ တည့်တည့်ပြောရလျှင် ပွဲ သည် ရန်ကိုကာကွယ်ရန် ပညာစခန်းနှင့်သိဒ္ဓိများပွင့်လန်းရန် ဓါတ်အစီအရင်အဖြစ် အဓိက ရည်ရွယ်ကြခြင်းဖြစ်ပါသည် ။
ရှေ့က အပိုင်းများတွင် ပွဲကို အဘယ်သိူ့ စီရင်သည်ကို နားလည်ပီးလောက်ကြပါပီ ။
* ထို့ကြောင့် ရှေးမူအစစ်အတိုင်းဆိုလျှင်....
၁ ပွဲလှူလျှင် ဝိဇ္ဇာပွဲ ( လကျာ် ပွဲ ) ..
၂ ပွဲ လှူလျှင် ဝိဇ္ဇာပွဲ နှင့် နတ်မင်းကြီးများပွဲ ( လကျာ်ပွဲ လက်ဝဲပွဲ )...
၃ ပွဲ လှူလျှင် ဘုရားပွဲ ( ဒါနပွဲ ) ,
ဝိဇ္ဇာပွဲ နှင့် နတ်မင်းကြီးများပွဲ *
သို့သော် အဖဆရာဟန်ထွက်တော်မူပီး နောက်ပိုင်းတွင်တော့ ( ၁ ) ပွဲဘဲတတ်နိုင်လျှင် ဘုရားသာအဓိက ဟု လောကအပြစ် ကဲ့ရဲ့မှုလွတ်အောင် ပြောင်းလဲပီး ( ၁ ) ပွဲတတ်နိုင်လျှင် ဘုရားပွဲ ကို သာ လှူ လာခဲ့ကြပါသည် ။
ဤ တွင် ကျွန်ုပ် ကိုယ်ပိုင်အယူအဆကား.....
ဘုရားနှင့် ပွဲ ကား “ ထေရဝါဒဗုဒ္ဓဘာသာ ” အရ သိပ်တော့မဆိုင်လှပေ ။
အကယ်၍ ဘုရားရှင် အားလှူလိုလျှင် ပွဲထဲတွင် အုန်းအစိမ်းကား အလုံးလိုက် မလှူကောင်း ( ဝိနည်းတော်အရ )
သလို ငှက်ပျောသီးအား အစိမ်းမလှူအပ်ပေ ..
ဘုရားအား အမှည့်ခံခိုင်းပီး မှည့်သော် မှ စွန့် စားနေသလိုဖြစ်ပါသည် ။ လောကအပြစ်လွတ်အောင် လုပ်လိုလျှင် ဤအချက်ကို သာပို၍ ကြည့်သင့်သည်ဟု ထင်ပါ သည် ။
ကျွန်ုပ် တို့လှူသော ပစ္စည်းများတွင် အုန်းသီးငှက်ပျောသီးများသည် ယာ၀ကာလိက ဘောဇဉ်အမျိုးအစား ဖြစ်၍ နံနက်ပိုင်းတွင်သာ ကပ်လှူကောင်းသည်။
အလှူခံသူကလည်း နံနက်ပိုင်းတွင်သာ အလှူခံပြီး နံနက်ပိုင်းတွင်သာ သုံးဆောင်ကောင်းသည်။ ဆွမ်းတော်ကပ်သလို မွန်းတည့်လျှင် စွန့်ပစ်သင့်ပါသည်။
သို့မှသာ သက္ကစ္စဒါန=ရိုရိုသေသေ လှူရာရောက်သည်။ ယခုမူ တစ်ခါပွဲထိုးထားလျှင် ခုနစ်ရက်ခုနစ်လီ ကြာတတ်သည်။ ငှက်ပျောသီးဆိုသည်မှာ အမှည့်ကို စားရသော အသီးဖြစ်သည်။ ပွဲထိုးသူများသည် စားမရသေးသည့် ငှက်ပျောသီးစိမ်းများကိုသာ ရတနာသုံးပါးအတွက် လှူဒါန်းပြီး မှည့်၀င်းကာ စားလို့ရနိုင်သည့်အချိန်တွင် ပြန်ယူသွားကြသည်။ ဘုရားရှေ့တွင် ငှက်ပျောသီးအုပ်သလို ဖြစ်နေသည်။ မအပ်စပ်မဖြစ်သင့်ပါ။
အုန်းသီးသည် အပင်ပြန်ပေါက်နိုင်သော ဗီဇဂါမ်ပစ္စည်းဖြစ်သည်။ အလုံးလိုက် မကပ်ကောင်းသလို၊ အလုံးလိုက်တိုက်ရိုက်အလှူ မခံကောင်းပါ။ ခွဲစိတ်ပြီးမှ ကပ်ခြင်း၊ အပင်ပြန် မပေါက်နိုင်အောင် ဖျက်ဆီးပြီးမှ ကပ်ခြင်းတို့သည်သာ အပ်စပ်ပါသည်။
ကွမ်းယာကိုမူ ဘုရားရှင်သုံးဆောင်သည်ဟု ပိဋကတ်၌လည်း မတွေ့ဖူး၊ ပညာရှိစကားလည်း မကြားဖူးပါ။ ထိုသို့သော မအပ်စပ်သည့် လှူဖွယ်၀တ္ထုများကို ဘုရားရှင်တို့ အလှူမခံပါ။ တစ်ခါက သုဘဒ္ဒရဟန်းကြီးတို့ သားအဖသည် ဘုရားရှင်အား ဆွမ်းလှူဒါန်းလိုသဖြင့် ရဟန်းဘဝြဖင့် ဆတ္တာသည်လုပ်၍ ငွေရှာ၏။ ရလာသော ငွေဖြင့် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်၏။ မအပ်စပ်သောနည်းဖြင့် ရှာဖွေလှူဒါန်းခြင်းကြောင့် ဘုရားရှင်က အလှူခံတော်မမူပေ။ ယနေ့ခေတ် ကန်တော့ပွဲများကိုလည်း မအပ်စပ်သဖြင့် ဘုရားရှင် အလှူခံမည်မဟုတ်ပေ။
သိဒ္ဓိဟူသည်မှာ ပြီးမြောက်ခြင်းဟု အဓိပ္ပာယ်ရ၏။ ဘုရားရှင် အလှူမခံသဖြင့် လှူဒါန်းခြင်းကိစ္စကား ပြီးမြောက်နိုင်မည် မဟုတ်ပေ။ ဒါနသိဒ္ဓိမမြောက်နိုင်သဖြင့် ဒါနကြောင့်ရလာမည့် အကျိုးလည်း ရနိုင်မည်မထင်ပါ။ လောကီနည်းဖြင့် သိဒ္ဓိမြောက်နိုင်မည်ဟု ယုံကြည်လျှင်ကား မဝေဖန်လိုပါ။ ဗုဒ္ဓဘာသာနှင့် ဤစနစ် ယုံကြည်ချက်ကို အခြေခံသော ကန်တော့ပွဲကား ဘယ်လိုမှ မအပ်စပ်ပါ ။
ထို့ကြောင့် လှူလိုလျှင် ဘုရားရှင်အား အခြားသော လှူဖွယ်ရာများကို ပွဲအုပ်နှင့် ဖွယ်ဖွယ်ရာရာ ပြင်ဆင် ဆပ်ကပ်၍.....
“ ပွဲ ” ကိုမူ လောကီ အစီအရင်မို့ ဓါတ်သဘောစီရင် ဖြစ်သဖြင့် ၁ ပွဲထဲဆိုလျှင်.....
“ ကျုပ်တို့ တော့ ဒါကြောင့် ဝိဇ္ဇာပွဲသာ လှူ သည် ”ဟု ပြောင်ပြောင် နှင့် သတ္တိရှိရှိ သာ လုပ်စေချင်ပါသည် ။
ဝိဇ္ဇာပွဲတွင်လဲ ဒါနပွဲ ဟု အလေးအမြတ်ပြုသည့်သဘောလှူ လေ့ရှိပါသည် ။
သို့သော် အဓိကရည်ရွယ်ရင်းမှာ အစီအရင် ဟုသာ မှတ်ယူကြပါကုန် ။
တခါတရံမှာ မိမိဉာဏ်နှင်သင့်သလို ပြောင်းလဲလိုက်သော ကိစ္စကြီးငယ်တို့သည် မိမိအားကြည်ညိုသောတပည့်များအတွက် ပြသနာမဟုတ်သော်လဲ ...
မူရင်းပညာစဉ်များပျောက်ကွယ်ရာ... မှေးမှိန်ရာအကြောင်း နှင့် အယူဆများ မတူကွဲပြားလာသောကြောင့် ပြသနာ ဖြစ်စေရာအကြောင်းများ ဖြစ်ပေါ် လာတတ်ပါသည် ။ ။
“ ဤ ဝိဇ္ဇာလမ်းကို လိုက်မည်ဆိုလျှင် ရက်ရက်စက်စက် မရှက်မကြောက် ရိုးသားကြရန် အလွန်အရေးကြီးပါသည် ”
ဟူသော ဆရာသမားတစ်ဦး ၏ ဆုံးမစကားအား နှလုံးသွင်းဆင်ခြင်ရင်းဖြင့်
“ဝိဇ္ဇာပညာနှင့်ပွဲ ” ဟူသော ဤစာစဉ်အား ဤနေရာတွင် နိဂုံးချုပ် ပါသည်။


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ