အဘ ဘိုးဘိုးအောင်သမိုင်း
အဘ ဘိုးဘိုးအောင်သမိုင်း
```ပထမံဘိုးဘိုးအောင်´´´ သမိုင်း
တောင်တွင်းကြီးမြို့ လက်ပန်ရှည်ရွာ အဖဦးဘိုးမြတ်ညိုစံ အမိဒေါ်မယ်ငြိမ်းရာတို့မှမွေးဖွားလာသူ၊သားသုံးယောက် သ္မီးတယောက် ပေါင်းလေးယောက်တို့တွင် ဒုတိယမြောက်သားဖြစ်သည်။
ယင်းမှမိဘ၂ပါးက လက်ပန်ရှည်ရွာမှ တံခွန်တိုင်ကုန်းကျေးရွာသို့ပြောင်းရွှေ့လာပါသည်။ဘိုးဘိုးအောင်သည်ငယ်ဘဝ၌ယင်းရွာရှိ ကြေးနီကျောင်း ဆရာတော်၏ကျောင်းတွင်ပညာသင်ကြားခဲ့ရသည်။ကြေးနီဆရာတော်တွင် အိပ်မက်အရကြေးနီ ပုရပိုက်တခုကိုရရှိထားသည်။ယင်းပုရပိုက်တွင် အင်းအိုင် စမနည်းများကိုရေးတင်ထားလေသည်။ကာလအတန်ကြာသော် ကြေးနီဆရာတော် ပျံလွန်တော်မူပြီး ကျန်ခဲ့သောတပြည့်ကြီး၃ပါးတွင် ဝါကြီးသောဦးလက္ခဏ ကကျောင်းထိုင်ရလေသည်။ကျန်ဦးပဉ္စင်း၂ပါးက ကျန်သောပရိဘောဂအချို့ကိုခွဲဝေယူကြရ၏။ထိုအခိုက်ရေငတ်သဖြင့်ရေသောက်ရန်ကျောင်းပေါ်သို့တက်လာသော မောင်အောင်(နောင်တွင်အဘဘိုးဘိုးအောင်)ကို ဦးလက္ခဏ ကမင်းလဲအမွေရထိုက်တယ်ကွဟုဆိုပြီး ညစ်ပေနေသောခေါင်းအုန်းကြီးကို ကျီစယ်သည့်သဘောဖြင့်ပစ်ပေးလိုက်သည်။
မောင်အောင်သည်ထိုခေါင်းအုန်းကြီးပေါ်လက်ထောက်ကာ စာရေးလေ့ရှိသည်။ကြာသော်ခေါင်းအုံးကြီးမှာပေါက်ပြဲစပြုလေတော့သည်။ယင်းခေါင်းအုန်းကြီးကို ဖေါက်ဖြဲပြီးအထဲကိုစမ်းကြည့်ရာမှ ကြေးနီပုရပိုက်ကိုရရှိလေသည်။
မောင်အောင်လည်း ယင်းကြေးနီပုရပိုက်ပေါ်မှ အင်းစမအတတ်ပညာကိုလေ့လာရာ တစတစဖြင့်တိုးတက်လာပြီး လေးကွက်အင်းမှ ခြောက်ဆယ့်လေးကွက်အင်းအထိနိုင်နင်းပေါက်ရောက်လာလေသည်။
တဖြည်းဖြည်းထူးခြားလာသောမောင်အောင်အား တောင်တွင်းကြီးမြို့ဝင်မင်းကဖမ်းဆီးစစ်ဆေးသည်အထိဖြစ်လာသည်။ထို့ကြောင့်ပင် မောင်အောင်တို့မိသားစုသည် အင်းကြီးရွာသို့ရုပ်ဖျက်ပြောင်းရွှေ့ရတော့သည်။အင်းကြီးရွှေရောင်လျံဘုရားအနီးရှိဆရာတော်ထံတွင် မောင်အောင်လည်း ရှင်သာမဏေဘောင်သို့ဝင်ရလေတော့သည်။ယင်းဘုရားအနီးမှမောင်အောင်သည် ကြေးနီပုရပိုက်တဆူကိုထပ်မံရရှိလေသည်။ထိုအခါမှစပြီးမောင်အောင်သည် တောထဲ၌သာနေပြီး ထွက်ရပ်ပေါက်လုပ်ငန်းများကိုသာအာရုံစိုက်လျက် မနားမနေကြိုးစားအားထုတ်လေတော့သည်။
ထို့နောက်ပိုင်း သရေခေတ္တရာပြည်မြို့အနီးတစ်ဝိုက်ရှိတောတောင်လျှိုမြောင်များတွင်သာ မောင်အောင်သည် ကျင့်ကြံနေထိုင်၍သာနေလေသည်။ပြည်မြို့တွင်လှည့်လည်၍ဘုရားများကိုလိုက်လံဖူးမျှော်စဉ်အတွင်းအပေါင်းအသင်းမိတ်ဆွေ၂ယောက်အသစ်ရရှိလေသည်။မောင်မြတ်ကြည်နှင့်မောင်ဝိုင်းတို့ဖြစ်ကြလေသည်။သူငယ်ချင်း၃ယောက်တို့သည် နောင်အခါ "တစ်ယောက်ကောင်းစားလျှင်တစ်ယောက်ကို မစတမ်း"ဟုဂတိပြုကြသည်။
နောင်တွင်မောင်ဝိုင်းသည် ဘိုးတော်ဦးဝိုင်းဟူသောဘွဲ့အမည်ဖြင့်အမရပူရမြို့သစ်ကိုတည်ကာ ရှင်ဘုရင်ဖြစ်အုပ်ချုပ်၍နေလေသည်။ဦးအောင်(ဘိုးဘိုးအောင်)၏ စမတန်ခိုး အင်းတန်ခိုးများအကြောင်းသည်တစ်နေ့တစ်ခြားအံ့ဩဖွယ်ကောင်းသည်ထက်ကောင်းလာသည်။ကျော်ကြားသည်ထက်ကျော်ကြားလာလေသည်။ရှေးမြန်မာဘုရင်တွေ၏ထုံးစံအတိုင်း သူရဲကောင်းပေါ်လျှင် မြှောက်စားချီးမြှင့်ရာထူးပေးဘို့ မစဉ်းစား၊ဒီလူကိုသတ်ဖို့ ဖမ်းဖို့သာစဉ်းစားလေတော့သည်။
စဉ်းစားသည့်အတိုင်း နန်းတော်ထဲမောင်အောင်ရောက်သည်နှင့်သတ်စေအမိန့်ထုတ်လေသည်။မောင်အောင်က ငါ့ကိုသတ်ဖို့နေနေသာသာ ငါရေးတဲ့"ဝ"လုံးကိုပျက်အောင်ဖျက်ခိုင်းသည်။ဝတလုံးကိုဖျက်လျှင်နှစ်လုံး၊ယင်းနှစ်လုံးကိုပွတ်ချေလျှင်ဝလေးလုံး၊နောက်ဆုံးနန်တော်တခုလုံးဝအက္ခရာများသာပေါ်နေတော့သည်။
ထိုအခါမှ ဘိုးတော်ဦးဝိုင်းသည် မောင်အောင်(ဘိုးဘိုးအောင်)ကို မှားပါတယ်ဟု ဝန်ချတောင်းပန်ရလေသည်။မောင်အောင်လဲထီးရိပ် နန်းရိပ်မှထွက်ခွာသွားပြီး ယနေ့ထက်တိုင် မစနှိင်သူ၊ကူညီနှိင်သူများကိုဘိုးဘိုးအောင်အမည်ဖြင့်ကူညီ မစပြီးသာသနာရေးကိုအလေးထားပံ့ပိုးပေး၍နေလေသည်။
ယခုဖော်ပြပါ ဘိုးဘိုးအောင်၏အတိုချုပ်အထုပ္ပတ္တိအကျဉ်းမျှသာဖြစ်လေသည်။ ပြည်ရွှေဆံတော် ဘိုးဘိုးအောင်မှုလဂူတွင်ရေးသားထားမှု့များ ကျွန်ပ်ပြည်ကျော်မင်းခေါင်လေ့လာထားဖူးသည်များကိုပါ ထပ်မံဖြည့်စွတ်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
ပြည်- ကျော်မင်းခေါင်
အဘဘိုးဘိုးအောင်သည် ကုန်းဘောင်ခေတ် ဦးပိုင်း နှစ်ပေါင်း နှစ်ရာကျော်ခန့်က ပထမံအတတ်နှင့် ထွက်ရပ်ပေါက်သူဖြစ်သည် ဟုဆို၏။ အဘဘိုးဘိုးအောင်တွင် ငယ်သူငယ်ချင်း တစ်ယောက်ရှိသည်။ အမည်က ဦးဝိုင်း ဖြစ်သည်။ တတိယ မြန်မာနိုင်ငံအား ထူထောင်သူ အလောင်းဘုရား ဦးအောင်ဇေယျ၏ စတုတ္ထသားတော် ဘိုးတော်ဦးဝိုင်း(ဘိုးတော်ဘုရား) ဖြစ်သည်။ [၁]ပထမံ အဘဘိုးဘိုးအောင်သည် ဝ တစ်လုံးက နှစ်လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟု ဖေါ်ပြကြသည်။ အဘဘိုးဘိုးအောင်သည်မသင့်သော အကြံအစည် ကြံစည်သည်ဟု သံသယရှိသဖြင့် ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)ကကွပ်မျက်စေသည်။ သို့သော်မသေပဲရှိသည်ဟု ဆို၏။ အဘိုးဘိုးအောင်သည်ပထမံအဘဘိုးဘိုးအောင်ပင်ဖြစ်သည်။ [၂]ပထမံထွက်ရပ်ဂိုဏ်းကြီး၏ အကြီးအကဲခေါင်ချုပ်ပင်ဖြစ်သည်။ ပထမံဂိုဏ်းဆိုသည်မှာလည်း မြန်မာရာဇဝင်တွင် ဘိုးတော်ဦးဝိုင်းအုပ်စိုးစဉ် အချိန်က အလွန်အစွမ်းထက်သည့် ပထမံအဘဘိုးဘိုးအောင် ပေါ်ပေါက်သည့်အချိန်မှစ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။ အဘဘိုးဘိုးအောင်သီချင်းများ ဘိုးဘိုးအောင်ကိုတင်စားသော တေးသီချင်းများ ပေါ်ပေါက်လာသည်အထိ မြန်မာတို့အကြား အဘဘိုးဘိုးအောင်၏ ဩဇာကြီးမားခဲ့သည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ရတနာသုံးပါးတို့ကိုသာ အထွဋ်အမြတ်ထား၊ ကိုးကွယ်ဆည်းကပ်လေ့ရှိတတ်ကြသော်လည်း လူအများက ပထမံအဘဘိုးဘိုးအောင်အား လူကြီးမိဘဆရာသခင်တစ်ဦးကဲ့သို့ ရိုသေလေးစားအားကိုးမှု ရှိကြသည်ဟု ဆိုသည်။ ဘိုးတော်ဦးဝိုင်းသည် အဘဘိုးဘိုးအောင်ကိုသာမက နန်းတက်စတွင် ထီးနန်းအန္တရာယ်ကြောင့် မြန်မာ့သမိုင်းတွင်ထင်ရှားသော မြန်မာစစ်သူကြီးဝန်ကြီး မဟာသီဟသူရ စသောမင်းဆွေမင်းမျိုး မှူးမတ်မှုထမ်းကောင်း အမြောက်အများတို့ကိုသံသယရှိသဖြင့်ပြိုင်ဘက်ဟု ယူဆသံသယရှိသဖြင့် ကွပ်မျက်သုတ်သင်ခဲ့သည်။ အဘဘိုးဘိုးအောင်သည်ငယ်သူငယ်ချင်း ဖြစ်သူဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) အား...လူသတ်မှု မကောင်းမှု အစရှိသည့်အကုသိုလ် ကျူးလွန်ခြင်းတို့မှ ရှောင်ကြဉ်ရန်(စွန့်ရန်) နှင့် ကုလိုလ်ကောင်းမှုပြုခြင်း၏တည်ရာ အကျင့်ဆယ်ပါး(ပုညကြိယဝတ္ထု ဆယ်ပါး)၊ ဗုဒ္ဓဘာသာဝင်များစောင့်ထိန်းအပ်သောကိုယ်ကျင့်တရားများ၊ မင်းကျင့်တရား (၁၀)ပါးကို နားလည်ရန် သိရန် လိုက်နာကျင့်ကြံရန်ဆုံးမတော်မူ၏။ ...ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏၊ မြွေပွေးမြွေဟောက်နှင့်တူ၏၊ ဒေါသနှင့်သေသူ၏လားရာဂတိမှာ ငရဲပြည်ဖြစ်သည်...စသဖြင့်ဆုံးမတော်မူခဲ့လေ၏။ ဘိုးဘိုးအောင်ကို အကြောင်းပြု၍ ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း) သည် ဗုဒ္ဓဘာသာသာသနာရေးဘက်၌အထူးဂရုပြုကာ ဆောင်ရွက်တော်မူလေ၏။ ပြိုကျပျက်စီးသောထင်ရှားသည့် ဘုရားစေတီတော် များကိုလည်း အသစ်တည်၍ ရွှေထီးထွတ်တင် လှူတော်မူသည်။ အနောက်အိန္ဒိယ မဇ္ဈိမ ဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာ တော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာ ကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့် သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် နာဂရီ၊ သက္ကတ ဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် မြန်မာဘာသာ ပြန်ဆို စေသည်။ နိုင်ငံတော်အတွင်း အရက်သေစာသောက်စားခြင်း၊ သားကြီး ငါးကြီးတို့ကို သတ်ဖြတ်ရောင်းချခြင်းတို့ကို တားမြစ်တော်မူသည်။ စစ်ကိုင်း အိမ် တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား ၏ ကောင်းမှုတော်များ ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅ ခန့်(မင်းဖြူမှန်မှန်ပြော) အချိန်ရှိသော မင်းကွန်းခေါင်းလောင်းတော်ကြီး ကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။ တိုင်းပြည်ဝပြောစည်ပင်၍ စာပေနှင့် သာသနာရေး ထွန်းပြောင်ခဲ့လေသည်။[၃][၄][၅]သာယာဝတီမင်း သည်ပုန်ကန်ရန် ကြံစည်သည်ဟု စကြာမင်းသားလေး ကိုသံသယရှိသဖြင့် ရေချကွပ်မျက်ခဲ့သော်လည်းပထမံဘိုးဘိုးအောင် ကယ်တင်သဖြင့် မသေ ဟုဆိုပါသည်။ ညောင်ရမ်းမင်းသား(စကြာမင်းသား)၏ ကယ်တင်ရှင်အဖြစ် ပထမံဘိုးဘိုးအောင် ကို ယုံကြည်ကြသည်။[၆]ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်တော် စကြာမင်းသားသည် ဘိုးမင်းခေါင်၏ဘဝဟောင်းပုံရိပ်ဖြစ်သည်ဟုဆိုသည်။
ကိုးကား
1.Champions of Buddhism: Weikza Cults in Contemporary Burma - Kate Crosby, Patrick Pranke, Juliane Schober, Niklas Foxeus, Keiko Tosa, Thomas Patton, Celine Coderey, Steven Coll...
2.https://journals.ub.uni-heidelberg.de/.../viewFile/9290/3151
3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
မှန်နန်း ရာဇဝင် ၁၊ ၁၉၆၃၊ ပိုဒ် ၅၃၊ ၆၈
4.Kate Crosby, Patrick Pranke, Juliane Schober, Niklas Foxeus, Keiko Tosa, Thomas Patton, Celine Coderey, Steven Collins
5.(May 14, 2014). Champions of Buddhism: Weikza Cults in Contemporary Burma. NUS Press။
6.Champions of Buddhism: Weikza Cults in Contemporary Burma - Kate Crosby, Patrick Pranke, Juliane Schober, Niklas Foxeus, Keiko Tosa, Thomas Patton, Celine Coderey, Steven Coll...
7.(၁၃၁၄ ခု၊ နတ်တော်လဆန်း ၅ ရက်နေ့) ဝိဇ္ဇာဓိုရ် အောင်မင်းခေါင်၏ ထွက်ရပ်ပေါက်ရာဇဝင် အတ္ထုပ္ပတ္တိ. အမှတ် ၁၇၊ ဗဟန်း ၃ လမ်း၊ ရန်ကုန်မြို့: မိဘမေတ္တာပုံနှိပ်တိုက်။
8.(ဇူလိုင်လ ၂၀၁၃) ပါရမီလမ်းပြ အဘဘိုးမင်းခေါင် မဟိဒ္ဓိဂုဏ်ဆောင် ဖြစ်ရပ်ဆန်းများ. အမှတ် ၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: ကံ့ကော်ဝတ်ရည်စာပေ, ၁၁-၂၈။
Comments
Post a Comment