ရှေးဟောင်းဘုရားစေတီများမှာ ဘီလူးရုပ်ထုကို ဘာကြောင့် ထားသလဲ


ရှေးဟောင်းဘုရားစေတီများမှာ ဘီလူးရုပ်ထုကို ဘာကြောင့် ထားသလဲ

ရန်ကုန်ရွှေတိဂုံဘုရား ကျိုက္ကဆံဘုရား မိုးကောင်းဘုရားနှင့် တခြားမြို့ ဘုရားစေတီတချို့မှာ ဘီလူးရုပ်ထုကြီး နှစ်ရုပ်ကို အမြဲတွေ့ဖူးကြမှာပါ။

တချို့က ဒီဘီလူးရုပ်ကြီးတွေကို လောကီအကျိုးစီးပွားအတွက် ပူဇော် ပ,သကြတယ်။ တချို့က ပူဇော် ပ,သသူများကို ကဲ့ရဲ့ ရှုပ်ချကြတယ် ။
လူတွေကွာ ဒီဘီလူး နှစ်ကောင်ကိုများ ထိုင်ရှစ်ခိုးရတယ်လို့ ဆိုပြီး ... အပြစ်မြင်ကြတယ်။

ဒီဘီလူးကြီးနှစ်ပါးက ဘယ်သူတွေလဲ။ ဘာကြောင့် ဘုရားစေတီများမှာ ထားရတာလဲ။ အမည်နာမက ဘာလဲ။ ဘယ်လိုသမိုင်း ရာဇဝင်တွေ ရှိခဲ့ဖူးသလဲလို့ လေ့လာကြည့်တဲ့အခါ (ဟေမာဝတ နှင့် သာတာဂီရိ) အမည်ရှိသော နတ်စ.စ်သူကြီး ဘီလူးကြီးနှစ်ပါးကိုတွေ့ရပါသည်။

သူတို့ဟာ နှစ်ကျိပ်ရှစ်ယောက်သော နတ်စ.စ်သူကြီး စာရင်းဝင်သူတွေ ဖြစ်ကြပါတယ်။ နတ်သဘင် အစည်းအဝေး တက်ရောက်ခွင့်ရပြီး အလွန်တန်ခိုးကြီးသော နတ်ဘီလူးမင်းများ ဖြစ်ကြတယ်။

ထူးဆန်းတာတခုက ဓမ္မစေတီထိုက်တဲ့ သောတာပန် အနွယ်ဝင် နတ်ဘီလူးကြီးများ ဖြစ်ကြသည်ကို မဟာသမယသုတ်နဲ့ မဟာအာဋာနာဋိယသုတ်မှာ ယက္ခကြီး အမည်နာမများကို အထင်အရှား ပါရှိသည်ကို တွေ့ရမှာဖြစ်ပါသည်။

သူတို့ နတ်ဘီလူးနှစ်ယောက်ဟာ ... ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား သာသနာမှာ မြတ်စွာဘုရားကို ကြည်ညိုလွန်းသဖြင့် မြတ်စွာဘုရားရဲ့ တရားတော်တွေကိုလည်းကောင်း၊ ရတနာသုံးပါးကိုလည်းကောင်း၊ ဤသာသနာတော်အားလည်းကောင်း ...၊ သာသနာကို ယုံကြည် ကြည်ညိုသော ပရိသတ်အပေါင်းအားလည်းကောင်း ... အစဉ်အဆက်မပြတ် စောင့်ရှောက်ပါ့မယ်ဟု ဘုရားရှင်ထံမှာ လျှောက်ထားပြီး ကတိပြုခဲ့ကြပါတယ်။

ဂေါတမဘုရား သာသနာမှာ ဒီလို စောင့်ရှောက်ခွင့်ကို ပထမဆုံး လျှောက်ထားပြီး ကတိပြုသူနှစ်ဦး ဖြစ်ပါသည်။

ဒါကြောင့် သူတို့နှစ်ဦးရဲ့ အတိတ်ဇာတ်ကြောင်းကို လူအများ သိရှိအောင်နှင့် သာသနာနှင့် သာသနိက အဆောက်အဦများ၊ သာသနာအား ယုံကြည်သက်ဝင်သူတို့အား စောင့်ရှောက်သော စောင့်ရှောက်ခွင့်ရသော အစောင့်အရှောက် အကြီးအမှူးဂုဏ်ဒြပ်ကို ပြသခြင်းဖြင့် လည်းကောင်း ဘုရားမှာ သူတို့နတ်ဘီလူးမင်းနှစ်ပါး ရုပ်ထုကို ထုဆစ်တည်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဟေမဝတနဲ့ သာတာဂီရိဆိုတဲ့ နတ်ဘီလူးတွေဟာ သောတပန် ဖြစ်နိုင်ပါမလား ... ဖြစ်နိင်မဖြစ်နိုင် အငြင်းပွားနေကြသူများအတွက်
ကျမ်းဂန်ပါ ဟေမာဝတနဲ့ သာတာဂီရိတို့ရဲ့အတိတ်သမိုင်းကြောင်း အကျဉ်းကို တင်ပြလိုက်ပါတယ်။

ကဿပဘုရားရှင် လက်ထက်မှာ သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ကဿပဘုရားကိုလည်း ကိုးကွယ် ကြည်ညိုကြတယ်။ ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဓာတ်တော်မွေတော်တွေကို စေတီတည်ထားပြီးနောက် နှစ်ဦးစလုံး သာသနာ့ဘောင် ဝင်ခဲ့ကြတယ်။

ပရိယတ္တိကိုလည်း ကျွမ်းကျင် တတ်မြောက်ခဲ့ကြတယ်။ စာတတ်ပေတတ် ကျမ်းဂန်နှံ့စပ်ရုံမျှမက ဓမ္မစေတီထိုက်သော မထေရ်ကြီးများ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် ဝိနည်းဓိုရ်အရာမှာ တာဝန်ယူရတဲ့ ဝိနည်းဓိုရ် မထေရ်ကြီးတွေ ဖြစ်ခဲ့ကြတယ်။

တစ်နေ့မှာ ရဟန်းနှစ်ဖွဲ့ကွဲပြီး အခင်းများပြဿနာ ဖြစ်ကြတယ်။ မှားနေတဲ့ အဓမ္မဝါဒီဘက် ရဟန်းတွေက မိမိတို့ရဲ့ အပြစ်ပြေပျောက်စေရန်အတွက် ဝိနည်းဓိုရ်မထေရ်ကြီးနှစ်ပါးထံ ချဉ်းကပ်ပြီး မိမိတို့အပြစ်တွေပိုဖုံးကွယ်ကြတယ်။ မထေရ်ကြီး နှစ်ပါးကလည်း ခင်မင်မှုမျက်နှာကို ထောက်ပြီး ယုံကြည်မိလိုက်ကြတယ်။

ဒါကြောင့် မှားနေတဲ့ အဓမ္မဝါဒီရဟန်းတွေဘက်က မှန်တယ်လို့ ရပ်တည်ပေးမိခဲ့ကြတယ်။ အဲဒီ့မှာ မှားနေတဲ့ အဓမ္မဝါဒီ ရဟန်းတွေက မှန်နေတဲ့ ဓမ္မဝါဒီ ရဟန်းတွေကို မလျော်သြဇာတွေ သုံးကြပြီး အနိုင်အထက် ပြုခဲ့ကြတယ်။
ဝိနည်းဓိုရ်မထေရ်ကြီး နှစ်ပါးဟာ သက်တမ်းကုန်လို့ ပျံလွန်တော်မူခဲ့တယ်။ ကုသိုလ်ကံအရှိန်ကြီးမားပြီး ဓမ္မစေတီ ထိုက်ခဲ့ပေမဲ့ ယုံစားပြီး ဘက်လိုက်ခဲ့မိတဲ့ အကုသိုလ်တွေကြောင့် အထက်နတ်ပြည်တွေမှာ မဖြစ်ဘဲ ... တစ်ပါးက ဟိမဝန္တာတောအတွင်း၊ ဟေမဝတမည်တဲ့ တောမှာ ဟေမဝတ ဆိုတဲ့ နတ်ဘီလူးမင်ကြီး သွားဖြစ်ရတယ်။

တစ်ပါးကတော့ မဇ္စျိမဒေသတွင်းက သာကေတမည်သော တောင်မှာ သာတာဂီရိ ဆိုတဲ့ နတ်ဘီလူးမင်းကြီး သွားဖြစ်တယ်။ တစ်ဦးစီမှာ အခြံအရံ နတ်ဘီလူးပေါင်း ဗိုလ်ခြေတစ်ထောင်စီ ရှိကြတယ်။ နှစ်ကျိပ်ရှစ်ယောက်သော အထက်နတ်စ.စ်သူကြီးများ စာရင်းမှာပါဝင်ကြတယ်။ အလွန် တန်ခိုးကြီးကြတယ်။
ဂေါတမမြတ်စွာဘုရား ပွင့်တော်မူတဲ့အခါ သူတို့နှစ်ပါးဟာ ဘုရားထံ ချဉ်းကပ်ပြီး တရားနာခဲ့ကြတယ်။ သာသနာတော်နဲ့ ရတနာသုံးပါး၊ သာသနိက အဆောက်အဦတွေနဲ့ သာသနာ ကြည်ညိုသူ ပရိသတ်တွေကို အစဉ် စောင့်ရှောက်ခွင့်နဲ့ စောင့်ရှောက်ဖို့ ကတိပြုခဲ့ကြတယ်။

ဒါကြောင့် သူတို့နှစ်ဦးကို သူတို့ရဲ့ကတိဝတ္တရားအတိုင်း သာသနိက အဆောက်အဦတွေနဲ့ သာသနာ ကြည်ညိုသူတွေကို စောင့်ရှောက်ကြတဲ့ အစောင့်အရှောက် အကြီးမှူးကြီးများ အနေနဲ့ ဘုရားတွေမှာ ထုဆစ် တည်ထားခဲ့ကြတာ ဖြစ်ပါသည်။

ကိုးကား ✍️ ကျိုက်က္ကဆံဘုရားရှိ ဘီလူးဆိုရာဝယ် (မင်းမြတ်ဟိဏ်း)
နတ်ဘီလူးဆိုသည်မှာ (ဒေဝစက္ခု)
မဟာသမယသုတ်တော်နှင့် နတ်ဘီလူးများ (ရှင်ပုည)
 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ