နတ်ကောင်းနတ်မြတ်တွေက သာဓုခေါ်တဲ့ အချိန် ၃ ချိန်
၁။ လူတွေ တရားအားထုတ်ဖို့ စိတ်ကူးကြတဲ့၊ ပြင်ဆင်ကြတဲ့ အချိန်
၂။ တရားအားထုတ်တော့ ကိလေသာနဲ့ တိုက်နေကြတဲ့ အချိန်
၃။ တရားရသွားလို့ အရိယာဖြစ်သွားတဲ့ အချိန်
ဒါပေမယ့် တရား အားမထုတ်မီမှာ လုပ်ရမယ့် ပုဗ္ဗကိစ္စ ၅ ပါး လုပ်ကြရပါမယ်
(၁) မြတ်စွာဘုရားရှင်အား တရားအားထုတ်သူရဲ့ ခန္ဓာ ၅ ပါးကို အပ်နှင်း လှူဒါန်းခြင်း
(၂) ခင်ပွန်းကြီး ၁၀ ပါးတို့အပေါ် ပြစ်မှားမိခဲ့သည်များကို ခင်ပွန်းကြီးတို့ရဲ့ အထွဋ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ထံ ဝန်ချတောင်းပန် ရှိခိုးကန်တော့ခြင်း
(၃) အမျှဝေခြင်း၊ မေတ္တာပို့သခြင်း
(၄) သံသရာတစ်လျှောက်လုံး ပြုခဲ့သမျှ ကုသိုလ်အပေါင်းတို့ကို မဂ်ဖိုလ်ရခြင်းအလို့ငှာသာ အဓိဌာန်ပြုခြင်း
(၅) ငါသည် ဤဖောက်ပြန် ပျက်စီး စက်ဆုပ် ရွံ့ရှာဖွယ် ခန္ဓာကြီး ပျက်သုန်းပြီး သေခြင်းသို့ မရောက်မီ ဤတရားကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့် လေးနက် ယုံကြည်စွာ အားထုတ်ပါမည်ဟု စိတ်အားထက်သန်မှုကို ပြုခြင်း
ဒီနေရာမှာ တရားအားထုတ်မယ့် နိဗ္ဗာန်သို့ သက်ဝင်မယ့်သူရဲ့ ရှိရမယ့် အကျင့်၊ မေတ္တာသုတ်လာ ကမ္မဌာ-နုပစာရဆိုတဲ့ ကမ္မဌာန်းရှေ့ပြေးအကျင့် (၁၅) ပါးဟာ တရားအားထုတ်သူမှာ အမှန်တကယ် ရှိရမယ့် အရည်အချင်း (၁၅) ပါးပါ
(၁) သက္ကော - ဒီတရားကို အဟုတ်အားထုတ်နိုင်သူ ဖြစ်ရပါမယ်
(၂) ဥဇု - ကိုယ်ရော စိတ်ပါ တရားနဲ့ပတ်သက်ပြီး မလိမ်မညာဘဲ ဟန်မဆောင်ဘဲ အမှန်အတိုင်း အားထုတ်နိုင်သူ ဖြစ်ရပါမယ်
(၃) စိတ်ထဲမှာကိုက ရိုးသားဖြောင့်မတ်သူ ဖြစ်ရပါမယ်
(၄) သုဝစော - ပြောဆိုဆုံးမရင် နာခံလွယ်သူ၊ နားထောင်တတ်သူ ဖြစ်ရပါမယ်
(၅) မုဒု - ကိုယ်နှုတ်နှလုံး ၃ ပါးလုံး နူးညံ့ ပျော့ပျောင်း သိမ်မွေ့ ယဉ်ကျေးသူ ဖြစ်ရပါမယ်
(၆) အနတိမာနီ - မာနမကြီး မောက်မာ ထောင်လွှား မရှိဘဲ နှိမ့်ချသူ ဖြစ်ရပါမယ်
(၇) သန္တုဿကော - ရသမျှ၊ ရှိသမျှနဲ့ ရောင့်ရဲ တင်းတိမ်လွယ်သူ ဖြစ်ရပါမယ်
(၈) မွေးမြူရ လွယ်ကူသူ၊ စားဝတ်နေမှု ပြုစုစောင့်ရှောက်ရလွယ်သူ၊ ဇီဇာမကြောင်သူ ဖြစ်ရပါမယ်
(၉) ကြောင့်ကြ ဗျာပါရ တက်တဲ့ အလုပ်ပိုမရှိတဲ့ အမှုကိစ္စနည်းသူ ဖြစ်ရပါမယ်
(၁၀) သလ္လဟုကဝုတ္တိ - အသုံးအဆောင် အဝတ်အထည် အပိုမရှိတဲ့ ပေါ့ပါးလွယ်ကူ မွေးမြူ နေထိုင်သူ ဖြစ်ရပါမယ်
(၁၁) သန္တိနြ္ဒိယော - ကောင်းဆိုးအာရုံတို့အပေါ် အေးဆေးတည်ငြိမ်တဲ့ ကိုယ်နှုတ်အမှုအရာရှိသူ ဖြစ်ရပါမယ်
(၁၂) အရာရာ ချင့်ချိန် မြှော်မြင် ဆင်ခြင် လုပ်ကိုင်နိုင်တဲ့ အသိဥာဏ် ရင့်ကျက်သူ ဖြစ်ရပါမယ်
(၁၃) အပ္ပဂဗ္ဘော - ကိုယ်နှုတ်စိတ် ရိုင်းပျခြင်းမရှိဘဲ ယဉ်ကျေးလိမ်မာသူ ဖြစ်ရပါမယ်
(၁၄) ကုလေသု အနနုဂိဒ္ဓေါ - မိသားစု ဆွေမျိုး မိတ်ဆွေတို့အပေါ် အလွန်အမင်း မခင်တွယ်သူ၊ သံယောဇဉ် မကြီးသူ ဖြစ်ရပါမယ်
(၁၅) န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ - ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ ရှုတ်ချစရာဆိုက မည်သို့ပင် သေးငယ်သော မကောင်းမှုကိုမှ မကျူးလွန် မပြုလုပ်သောသူ ဖြစ်ရပါမယ်
နတ်တို့ရဲ့ ကြည့်ရှုစောင်မခြင်းကို ခံရပြီး ဘေးရန်ကင်းစွာ တရားအားထုတ်နိုင်ကြပြီး မဂ်ဖိုလ် ဆိုက်ကြပါစေ

Comments
Post a Comment