သင့် အိမ်ဟာ မည်သည့်ဘက်ကို မျက်နှာမူနေပါစေ အသက်ရှည် အနာမဲ့စေဖို့ ဒီအချက်တွေ အတိုင်း အိပ်စက်ပါ
မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့စေလိုလျှင် လူတို့ ဦးခေါင်းထားပြီး အိပ်စက်ရာ အရပ်သည် မှန်ကန်ဖို့လို…!
ရှေးကလူကြီး များသည် မိမိတို့နေရမည့်အိမ်ဆောက်လုပ်ရာတွင် မည်သည့်အရပ်ကို မျက်နှာပြုရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့်အရပ်၊ အိပ်လျှင် ဦးခေါင်းပြုရမည့်အရပ်မျက်နှာတို့ကို ရွေးချယ်လေ့ရှိကြသည်။ ဖြစ်သလို အိမ်ဆောက်ခြင်း၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။ ရှေးလူကြီးများ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာဖော်ထုတ် လိုက်နာခြင်းအားဖြင့် အကျိုးယုတ်စရာ အကြောင်းမရှိပေ။
သိပ္ပံနည်းမကျဟုဆိုကြသူများရှိသော်လည်း သိပ္ပံပညာထွန်းကားလာသည်နှင့် လူ့သက်တမ်းများ တိုလာသည်မှာလည်း စဉ်းစားစရာအချက်ဖြစ်ပေသည်။ ရှေးထုံးကိုလည်းမပယ်နှင့် ဈေးသုံးလည်းမလွယ်နှင့်ဟူသော စကားသည်အမှန်ပင်ဖြစ်သည်။
ရှေးကလူကြီးများသည် အိပ်ရာဝင်ချိန်တွင် ဦးခေါင်းချရာအရပ်ကို (၁)အရှေ့အရပ်၊ (၂) တောင်အရပ်တို့ကို ဦးခေါင်းပြု၍ အိပ်စက်ရမည်။ ထိုသို့ ဦးခေါင်းပြု အိပ်စက်ခြင်းဖြင့် ကောင်းစွာအိပ်ပျော်စေသည်။
ကောင်းသော အိပ်မက်ကို မြင်မက်စေသည်။ အိပ်ပျော်နေချိန်တွင် အစာကြေခြင်းကို ဖြစ်စေသည်။ မလိုအပ်သော အပုပ်၊ လေ၊ ဝမ်းတို့သည် ညင်သာစွာဖြင့် အောက်သို့သက်စေသည်။ စမြင်းဒေါသမှ ကင်းစေသဖြင့် အနာရောဂါလည်း ကင်းစေသည ။ နံနက်အိပ်ရာထချိန်တွင်လည်း ကောင်းစွာနိုးထ စေနိုင်သည်ဟု ယူဆကြသည်။
(၃) မြောက်အရပ်၊ (၄) အနောက်အရပ် တို့သို့ ဦးခေါင်းပြု၍ မအိပ်ကောင်းပေ။ ထိုသို့ခေါင်းပြုအိပ်သူများသည် ကောင်းစွာအိပ်စက်မပျော်နိုင်။
လေပွခြင်း၊ ဟောက်ခြင်း၊ အသက်ရှူ မဝခြင်း၊ လန့်၍နိုးခြင်း၊ ကောင်းသောလေ၊ အပုပ်တို့ အထက်သို့ ဆန်ခြင်း၊ မျက်စိပွင့်လျက်အိပ်ခြင်း၊ လျှာကိုက်မိခြင်း၊ နှုတ်နှင့် ခံတွင်းမှ အာပုပ်ရည်တို့စီးကျခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ အိပ်မက်မက်ရာတွင် အမြင့်မှ၊ ချောက်ကမ်းပါးမှ ပြုတ်ကျသည်ဟု မက်ခြင်းစသော အပြစ်များစွာရှိသည့်အပြင် ညဦးကစားထားသော အစာများမှာလည်း မကြေမကျက်သဖြင့် ဝမ်းတွင်း စမြင်းခံခြင်း၊ ဒူလာ လိပ်ခေါင်း ရောဂါဖြစ်ခြင်းတို့ ဖြစ်နိုင်သည်ဟုဆိုသည်။
ဗုဒ္ဓဖြစ်တော်စဉ် ကျမ်းစာများတွင်လည်း ဘုရားရှင်၏လဲလျောင်းနေသော ရုပ်ပွားတော်များ ထုလုပ် ကိုးကွယ်သောအခါ သတိပြုရမည့် စာညွှန်းမှာ ထိုရုပ်ပွားတော်၏ ဦးခေါင်းတော်ထားရှိရာကို ရည်ညွှန်းလျက်
(၁) အရှေ့ ရွှေသာလျောင်း၊
(၂) တောင် ပေါင်းလောင်း၊
(၃) မြောက် စောင်းကုဿိနာ ဟု ဆိုသဖြင့် အရှေ့အရပ် သို့ ဦးခေါင်းထားလျှင် ရွှေသာလျောင်း ဆင်းတုတော်၊ တောင်အရပ်သို့ ဘုရားဦးခေါင်းပြုထားလျှင် ပေါင်းလောင်းတော်၊ မြောက်အရပ်သို့ ဦးခေါင်းပြုထားလျှင် ပရိနိဗ္ဗာန်ပြုသည့် ကုဿိနာရုံမှ ဆင်းတုတော်ပုံတူဟု မှတ်ယူရမည်ဖြစ်သည်။
အနောက်တိုင်း ဆေးပညာရှင်ကြီးတစ်ဦးက ဟောပြောရာတွင်လည်း သွေးတိုးရောဂါရှိသူများသည် မြောက်အရပ်သို့ ဦးခေါင်းပြု၍မအိပ်ရ။ သွေးတိုးတက်၍ ညအိပ်ရာထဲတွင် လေဖြတ်နေစေနိုင်သည်ကို သတိပြုဟု ဟောပြောသည်ကို မှတ်သားရဖူး ပါသည်။
နေ့စဉ်ပြု နေကျ နေ၊ ထိုင်၊ စား၊ အိပ် အမှားများကြောင့် လူတို့အသက်တိုခြင်းကို ဖြစ်စေသဖြင့် သာမန်အသေးအဖွဲဟု မမှတ်ယူကြဘဲ မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့ကြောင်း စောင့်ရှောက်ကြစေရန် နည်းမှန် လမ်းမှန် ဖြစ်စေရန် တင်ပြလိုက်ရပေသည်။
Comments
Post a Comment