ဓာတ်ကြီးလေးပါး ဆွမ်းကပ်လှူ ပူဇော်ခြင်း
ဓာတ်ကြီးလေးပါး ဆွမ်းကပ်လှူ ပူဇော်ခြင်း
ပဋ္ဌာန်းအကျယ် ရွတ်ဖတ်ပူဇော်📖🙏
လောကတွင်ဓာတ်ကြီးလေးပါးသည် အခိုင်ခံ့ဆုံး၊ အရေးပါအရာရောက်ဆုံးဖြစ်သည်။ ဓာတ်ကြီးလေးပါး တည်သရွေ့ ကမ္ဘာတည်သည်။ ပျက်က ကမ္ဘာပျက်သည်။ သတ္တဝါမှန်သမျှလည်း ဓာတ်ကြီးလေးပါး ခိုင်ခံ့ညီညွတ်သည်နှင့်အမျှ အသက်ရှည်၏။ ပျက်က အနိစ္စရောက်တော့သည်။ ထို့ကြောင့်လူသားတိုင်းသည် မိမိအတ္တကိုခွာ၍ ဓာတ်ကြီးလေးပါး အလှူကိုယုံကြည်စွာ အနည်းဆုံး တစ်လ တစ်ကြိမ် လှူဒါန်းပူဇော်ပါက
လောကီအကျိုးတွင် လက်တွေ့အံ့သြဖွယ်ခံစားရမည်။ အကျိုးထူးခံစားရမည်။ လောကုတ္တရာ၏ ကောင်းသော အထောက်ပံ့ဖြစ်မည်။ ဘဝ၌တွေ့ကြုံရင်ဆိုင်နေရသော အကျဉ်းအကျပ်မှ လွတ်မြောက်နိုင်မည်။ ဘဝသေနေသူများ ဘဝပြန်၍ ရှင်သန်နိုင်သည်။ ဘဝ၏ အကျိုးထူး အကျိုးမြတ်ကို ခံစားရမည်။ စီးပွားဥစ္စာများ ပြန်၍တိုးတက်လာမည်။ ရောဂါဝေဒနာများကိုလည်း ပျောက်ကင်းစေသည်။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခံစား နေကြရသူများလည်း စိတ်ချမ်းသာမှုများနှင့်
ကြုံတွေ့လာရမည်။
မိမိမွေးနေ့ / လပြည့်နေ့များတွင် မိမိအိမ်
နှင့် ဘုရားစေတီတော်၏ သင့်တော်ရာတွင်လည်းကောင်း မုခ်လေးဝစလုံးတွင်လည်းကောင်း ကပ်လှူနိုင်ပါသည်။ ဖြစ်နိုင်လျှင် သက်တမ်း ရာထောင်ချီရှိသော တန်ခိုးကြီးရုပ်ပွားတော် စေတီတော်များတွင် လှူဒါန်းပါက ပို၍ ထက်မြက်ပါသည်။ ဓာတ်ကြီးလေးပါးအလှူသည် သာမန်အလှူမဟုတ်။ အလွန်အကျိုးများသော အလှူကြီးဖြစ်ပါသည်။ (၃၁)ဘုံသားတိုင်း မလှူနိုင်ကြပါ။ ထို့ကြောင့်မိမိက ဦးဆောင်ပြီး (၃၁)ဘုံသားများနှင့် တကွ ယှဉ်တွဲ၍ အလှူဒါနပြုနိုင်သည်ရှိသော် နတ် သိကြား
ဗြဟ္မာနှင့် ဝိဇ္ဇာတို့မှာ ဘုန်းတန်ခိုး အာနုဘော် တိုးတက်နိုင်သည်။ ဘဝတိုတိုနှင့် နိဗ္ဗာန်ကို
တက်လှမ်းနိုင်သည်။
နိမ့်ကျသော ဘုံဘဝသို့ ရောက်ရှိနေသော သတ္တဝါအပေါင်းတို့သည်လည်း
မြင့်မြတ်သောဘုံဘဝသို့ ရောက်ရှိလာနိုင်သည့် အလွန်ပင် အကျိုးများသော အလှူကြီးဖြစ်ပါသည်။
🌞
လှူဒါန်းရန်ပစ္စည်းများ
အရုဏ်မတက်မီ ဆွမ်းတော်ပွဲ ၂၀ တွင် ဆွမ်းနှင့်အတူ သစ်သီး (၉) မျိုး တစ်စိတ်စီ သို့မဟုတ် ယို (၉) မျိုးနှင့် ပြင်ပါ။ သောက်တော်ရေ (၁၂) ခွက် ဖန်ခွက်သို့မဟုတ် ပန်းအိုးဖြင့်
ယပ် (၆) ခု
(ပန်းလှူလိုပါက ထည့်နိုင်သည်။) အလင်းမီးတိုင် (၄)တိုင် အိမ်မှာကပ်တော့ အိမ်ကို ပုဂ္ဂိုလ်ကောင်း
ပုဂ္ဂိုလ်မြတ်တွေ နတ်ကောင်းနတ်မြတ်တွေ ကြွတာပေါ့။ အဲဒီ့အတွက် တံခါးဖွင့်ပေးထားနိုင်ရင် ဖွင့်ပေးထားပါ။ အလှူလုပ်သလိုပါပဲ တံခါးပိတ်ထားရင် ဘယ်လာနိုင်ပါ့မလည်း။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ ထိုင်၍ သီတင်းသုံးနိုင်ရန် ရည်ရွယ်ချက်နဲ့
ထမင်းစားပွဲဝိုင်းဖြင့် လှူဒါန်းခြင်း၊
လှူထားတဲ့ စားပွဲဝိုင်းဘေးမှာ အနေကထိုင်ခင်းများ ခင်းပေးထားခြင်းလည်း ပြုနိုင်ပါတယ်။
လှူဒါန်းစဉ်တွင် ရွတ်ဖတ် ပူဇော်ရန် အဆင့်ဆင့်
🌞
အလှူမတိုင်ခင်တစ်ရက် ညတွင် မြတ်စွာဘုရား
အမှူးရှိသော သံဃာတော်တို့နှင့် (၃၁)ဘုံသားတို့အား ကြိုတင်ပင့်ဖိတ်ရပါမည်။
🌞🌞
ပင့်ဖိတ်တိုင်တည်ရန်စကား
"" ဘုန်းတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ ကံတော် အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး
ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော် အနန္တတို့နှင့် ပြည့်စုံတော်မူကြကုန်သော သံ၊ ဂုံ၊ ပ၊
မ (ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ) ဗုဒ္ဓ လေးဆူ အောင်တော်မူ မြတ်စွာဘုရား တပည့်တော်/မတို့သည် မနက်ဖြန်မနက်အာရုဏ်တက်သော အခါတွင် ရှင်တော်မြတ်ဘုရားနှင့်တကွ ရှင်သာရိပုတ္တရာ၊
ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿဖ၊ ရှင်ပိဏ္ဍောလ၊ ရှင်သိဝလိ၊ ရှင်ပိလိန္ဒဝစ္ဆ၊ ရှင်ဥပဂုတ္တ
လေးပါး (ရှင်ဥပဂုတ္တ၊ ရှင်သာရစက္က၊ ရှင်သကောသက္ကာ၊
ရှင်မေဒရ) အစရှိသော လက်ဝဲရံ လက်ယျာရံ အဂ္ဂသာဝကာ မဟာသာဝကာ တပည့်သံဃာတော်မြတ်တို့အား
ဓာတ်ကြီးလေးပါးဆွမ်း အလှူဒါန အဝဝတို့ကို ကပ်လှူ ပူဇော်လိုပါသောကြောင့် တပည့်တော်တို့အား
ချီးမြှောက်ထောက်ပံ့သောအားဖြင့် တပည့်တော်တို့၏ အိမ်ဂေဟာသို့ ဓာတ်ကြီးလေးပါးဆွမ်း အလှူခံတော်မူရန်နှင့် ဆွမ်းဘုန်းပေးသုံးဆောင်တော်မူပါရန် တပည့်သံဃာတော်မြတ်များနှင့်တကွ ကြွတော်မူပါမည့်အကြောင်း ရိုသေမြတ်နိုး လက်ဆုံမိုး၍ ရှိခိုးပင့်လျှောက်ပါ၏ အရှင်မြတ်ကြီးဘုရား။ "" (*)
🌞
"" အစမထင်သော သံသရာ ဘဝ အဆက်ဆက်က တော်စပ်ခဲ့ဖူးသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘဖိုးဖွား ဆရာသမားများအား အစထား၍ ဣဒ္ဓိရှင်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ဘုန်းရှင်ကံရှင်များဖြစ်ကြသော အရိယာဝိဇ္ဇာတို့မှ အစပြုသော အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာနှင့် ဂန္ဓာရီဝိဇ္ဇာများ၊ သိကြားဗြဟ္မာ၊ ပဇာပတိ၊ မာတလိ၊ ဝိသကြုံ၊ မဟာဓတရဠ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊ အာကာသစိုး၊ ဘုမ္မစိုး၊ (တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု ကိတ်)ဂြိုလ်မင်း အပေါင်းတို့နှင့် တန်ခိုးထင်ရှား နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗနှင့်(၃၇)မင်း၊ အတွင်းနတ်၊ အပြင်နတ် မလစ်မလပ် တိုင်းခေတ် စကြာဝဠာသင်္ချေ၊ အသင်္ချာ ရေသော်များလှ အနန္တ၌ နေကြ ထင်ရှားနတ်ဝိဇ္ဇာများတို့၊ အရိယာ ဂိုဏ်းဝင် ထေရ်အရှင်တို့၊ သာသနာပြု ပုဂ္ဂိုလ်ကျော် ဆရာတော်အပေါင်းတို့၊ သာသနာ့ဂိုဏ်းဝင် သိုက်နန်းရှင်အပေါင်းတို့၊ ရေလမိုင်း ကုန်းလမိုင်း ကောင်းကင်လမိုင်းတို့၊ လက်ဝဲကိုးသိန်း လက်ယာကိုးသိန်း အတိုင်းမသိအကြွင်းအကျန်မရှိ ကျွန်ုပ်တို့ကဖိတ်ကြားအပ်ပါသည်။
မနက်ဖန်နံနက် အာရုဏ်တက်သောအခါ ကကုသန်၊ ကောဏဂုံ၊
ကဿပ၊ ဂေါတမ ဗုဒ္ဓ လေးဆူ အောင်တော်မူ မြတ်စွာဘုရားတို့နှင့် တကွ တပည့် သံဃာတော်မြတ်များအား
ဓာတ်ကြီးလေးပါး အလှူဒါနကိုကပ်လှူဇော်ပါမည်။ ၎င်းအလှူပွဲကို အကျွန်ုပ်တို့နှင့် အတူ
ယဉ်တွဲ၍ ပါရမီဖြည့်ဆည်းလှူဒါန်းကြရအောင် အားခဲ၍လာကြပါကုန်လော့။ ရတနာသုံးပါး အားထားကြည်ညိုရန် လာလှည့်ကြပါကုန်လော့။ သရဏဂုံသီလ ခံယူဆောက်တည်ရန် လာကြပါကုန်လော့။ ပရိတ် မေတ္တာဘာဝနာ ရိုသေစွာနာကြားရန် လာကြပါကုန်လော့။ သာသနာ့ အောင်ဘိသိက်ပွဲ ဆင်နွှဲလှည့်ကြပါကုန်လော့။ သာသနာ့အောင်စခန်း နိဗ္ဗာန်လမ်း ဖွင့်လှစ်ကြပါကုန်လော့။ အမျိုးဘာသာသာသနာ ဘယာဝေး၍ အေးစေကြောင်း ဆုတောင်းမေတ္တာပို့သရန် လာကြပါကုန်လော့။
"" (**)
ဟု တစ်ခေါက် (သို့) သုံးခေါက် ဖိတ်ကြားပါ။
🌞
အလှူဒါနအစီအစဉ်
မနက် အာရုံမတက်ခင် အိပ်ယာမှထ၍ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်၍ သန့်ရှင်းသောအဝတ်များလဲပြီးနောက် လှူဖွယ်များပြင်ဆင်ပါ။ ဆွမ်း ရေချမ်းမှလွဲ၍ လှူဖွယ်ပစ္စည်းများ
ညကတည်းက ကြိုတင် ခင်းထား ပြင်ထားနိုင်ပါသည်။ မနက် အာရုံ မတက်ခင် ယခင်နေ့ညကအတိုင်း (*)(**) ထပ်မံ၍ ပင့်ဖိတ်ပါ။ ဆွမ်းပွဲများပြင်ပြီး ဆီမီးများအားထွန်းညှိပါ။
ကန်တော့ခန်း
သြကာသ ဘုရားရှိခိုးခြင်း၊
သီလတောင်းခြင်း (မိမိနိုင်သလောက် ၅ပါး ၈ပါး ၉ပါး ၁၀ပါး စသည်ဖြင့် ဆောက်တည်ပါ)
🌞
ဆွမ်း၊ ရေချမ်း၊ ယပ်တော်၊ ဆီမီး တို့အား အောက်ပါအတိုင်း
ဆက်ကပ်လှူပူဇော်ပါ။
ဘဂဝါ၊ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရိ၊ ကာမ၊ ပယတ္တဟု
ဆိုအပ်သော ဘုန်းတော် ခြောက်စုံ သံ ဂုံ ပ မ ဗုဒ္ဓလေးဆူ အောင်တော်မူ အရှင်မြတ်ဘုရား။ အရှင်ဘုရားတို့နှင့်တကွ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿဖ၊
ရှင်ပိဏ္ဍောလ၊ ရှင်သိဝလိ၊ ရှင်ပိလိန္ဒဝစ္ဆ၊ ရှင်ဥပဂုတ္တ လေးပါး (ရှင်ဥပဂုတ္တ၊ ရှင်သာရစက္က၊ ရှင်သကောသက္ကာ၊ ရှင်မေဒရ)
အစရှိသော လက်ဝဲရံ လက်ယျာရံ အဂ္ဂသာဝကာ မဟာသာဝကာ တပည့်သံဃာတော်မြတ်တို့အား ဓာတ်ကြီးလေးပါးဆွမ်း
ကပ်လှူပါသည် ဘုရား။
ဤနေ့သည်ကား တပည့်တော်တို့ မိသားစု၏ နေ့ထူး နေ့မြတ် ဖြစ်ပါသောကြောင့် တပည့်တော်တို့အား ကယ်မသော အားဖြင့် အလှူခံတော်မူပါ အကပ်ခံတော်မူပါ အရှင်ဘုရား။
ပထဝီ
။ ခက်မာ နှင့် နူးညံ့သော သဘောမျှသာဖြစ်သည့်
ပထဝီဓာတ်ကို ရည်စူး၍
လှူအပ်သော ဆွမ်းတော်ကို ဘုန်းပေးသုံးဆောင်တော်မူပါ
ဘုရား။ ဆွမ်းဘုန်းပေး သုံးဆောင်ရန် အချိန်တန်ပါပြီ ဘုရား။
တေဇော ။ ပူမှု အေးမှု အရှိန်သဘောမျှသာဖြစ်သော တေဇောဓာတ်ကို ရည်စူး၍ လှူအပ်သော အလင်းတိုင်များကို အလှူခံတော်မူကြပါ ဘုရား။
အာပေါ ။ ဖွဲ့စည်းမှု ယိုစည်းမှု သဘောမျှသာဖြစ်သော အာပေါဓာတ်ကို ရည်စူး၍ လှူအပ်သော သောက်တော်ရေများကို သုံးဆောင်တော်မူကြပါဘုရား။
ဝါယော ။ ထောက်ကန်မှု လှုပ်ရှားမှု အဟုန်သဘောမျှသာဖြစ်သော
ဝါယောဓာတ်ကို ရည်စူး၍ လှူအပ်သော ယပ်များကို အလှူခံတော်မူကြပါ ဘုရား။
🌞
ယခင်နေ့က ကြိုတင်ပင့်ဖိတ်ထားသော ဓာတ် နတ်
ဝိဇ္ဇာများကိုလည်း မိမိတို့နှင့်အတူ ယှဉ်တွဲကာ လှူဒါန်းပြီးလျှင် ပရိတ် မေတ္တာ ဘာဝနာတရားများကို
နာယူရန် ထပ်မံ၍ ပင့်ဖိတ်ပါ (**)
ဘုရားတပည့်တော် ---- နေ့. ----- သားသမီးတို့က လှူဒါန်းသော မေတ္တာပေါင်းကူး ဓာတ်ကြီးလေးပါး
အလှူကြီးကို ချီးကျူးဝမ်းသာ မေတ္တာဖြိုးမောက် ချီးမြှောက်၍ မစတော်မူပါရန် အချိန်တန်ပါပြီဘုရား။ဘုန်းရှင်၊
ကံရှင်၊ ဉာဏ်ရှင်၊ သမ္ဘာရှင်၊ သိဒ္ဓိရှင်၊ ဣဒ္ဓိရှင်၊ မဟိဒ္ဓိရှင်များဖြစ်ကြသော အားလုံးသော
ဓာတ်နတ်ဝိဇ္ဇာ ဆရာကြီးများ၊ တပည့်များနှင့်တကွ ဤသာသနာပြုရာဌာန၊ အောင်မင်္ဂလာ၊ အောင်စခန်း၊
အောင်ဓာတ်နန်းသို့ အောင်ပန်းဝေဖြာ၊ အောင်လမ်းသာအောင် အောင်ဆရာစသား အောင်ဝိဇ္ဇာကြီးများသည်
အောင်သိဒ္ဓိတန်ခိုးဖြင့် ဖွင့်လှစ်ပေးကြပါကုန်လော့။
🌞
မင်္ဂလာသုတ်၊ ရတနာ့သုတ်၊ မေတ္တာသုတ်၊ ခန္ဓသုတ်၊
မောရသုတ်၊ အာဋာနာဋိယသုတ်၊ ဗောဇ္ဈင်သုတ်၊ မဟာသမယသုတ်၊ ပရိမိတ္တဇာလသုတ် ၊ ဓာရဏပရိတ်
။ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ၊ ပစ္စယနိဒ္ဒေသ တို့ဖြင့်
ရွတ်ဖတ် ပူဇော်ပါ။
🌞
ရွတ်ဆို ပူဇော်သင့်သည့် ဂါထာတော်များ
နမောတေဂါထာ
နမောတေ ဗုဒ္ဓဝီရတ္ထု ၊ ဝိပ္ပမုတောသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နောသ္မိ ၊ တဿမေ သရဏံဘဝ။
🌞
ပစ္စေကဗုဒ္ဓါ အရိယာ သာဝကတို့ထက် ထက်သန်ကြီးမြတ်သော
လုံလဝိရီယရှိတော်မူသော
မြတ်စွာဘုရား အရှင်ဘုရားအားရှိခိုးခြင်းသည် ဘဝတု ဖြစ်ပါစေသတည်း။ အရှင်ဘုရားသည် ဘေးရန်အသွယ်သွယ် အန္တရာယ်အပေါင်း မကောင်းဟူသမျှတို့မှ ချမ်းမြေ့ကြည်ဖြူကောင်းကောင်းကြီး လွတ်တော်မူပါပေ၏။ ဘုရားတပည့်တော်သည် ကိုယ်စိတ်နှစ်ဖြာ လွန်စွာကျပ်းတည်း
ကျဉ်းမြောင်းခြင်းသို့
ရောက်သည် ဖြစ်ပါ၏။ အရှင်ဘုရားသည် အကျွန်ုပ်၏ ဘေးရန်ကင်းကွာ ချမ်းသာပွားရာ ပုန်းအောင်းကိုးကွယ်ရာသည်
ဖြစ်ပါစေသတည်း။
🌞
အဌာနမေတံ ဘိက္ခဝေ အနဝကာသော။
ယံ ပရူပက္ခမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
🌞
ရဟန်းတို့ သူတစ်ပါး လုံလပယောဂကြောင့် ငါဘုရား
ပရိနိဗ္ဗာန်စံရန် အကြောင်းသည်မရှိ။ သူတပါးတို့၏ လုံလပယောဂမပါရှိဘဲသာလျှင် ငါဘုရားတိုသည် ပရိနိဗ္ဗာန် စံဝင်တော်မူကြရကုန်၏။
🌞
ဗုဒ္ဓါနံဇီဝိတဿ နသက္ကာ ကေနစိ အန္တရာယော
ကာတုံ
တထာ မေ ဟောတု။
🌞
ဘုရားရှင်တို့၏ အသက်အန္တရာယ်ကို မည်သူ တစ်ဦးတစ်ယောက်မျှ ပြုခြင်းငှာ မစွမ်းနိုင်၊ အသက်အန္တရာယ် ကင်းတော်မူသော
ထိုဘုရားသခင်ကို အကျွန်ုပ် ရှိခိုးပါ၏။ ဤနည်းတူပင် အကျွန်ုပ်အား အသက်အန္တရာယ်ကင်းပါစေသား။
အသက် ရှည်စွာတည်ပါစေသား။
🌞
ဗုဒ္ဓါနံ သဗ္ဗညုတ ဉာဏဿ နသက္ကာ ၊
ကေနစိ အန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။
🌞
ဘုရားသခင်တို့၏ သဗ္ဗညုတ ဉာဏ်တော်ကို မည်သူတစ်ဦးတစ်ယောက်မျှ
ဖျက်ဆီးခြင်းငှာ မပြုစွမ်းနိုင်၊ အန္တရာယ်ကင်းတော်မူသည့်
သဗ္ဗညုတဉာဏ်တော်ကို ပိုင်ဆိုင်တော်မူသော ထိုဘုရားသခင်ကို အကျွန်ုပ် ရှိခိုးပါ၏။ ဤနည်းတူပင် အကျွန်ုပ်အား အသက်အန္တရာယ်ကင်းပါစေသား။ ပညာရေး ဆုံးခန်းတိုင်ရောက်ပါစေသား။
🌞
ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စာယာနံ နသက္ကာ
၊
ကေနစိ အန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။
🌞
ဘုရားသခင်တို့၏ ဥစ္စာပစ္စည်းကို မည်သူတစ်ဦးတစ်ယောက်မျှ
ပျက်ဆီးခြင်းငှာ မပြုစွမ်းနိုင်၊ ထိုသို့ အန္တရာယ်ကင်းတော်မူသော ထိုဘုရားသခင်ကို အကျွန်ုပ်
ရှိခိုးပါ၏။ ဤနည်းတူပင် အကျွန်ုပ်ပိုင်ဆိုင်သော ဥစာပစ္စည်းအပေါင်းတို့သည် အန္တရာယ်
ကင်းပါစေသား။ စီးပွားရေးထိပ်ဆုံးသို့ ရောက်ပါစေသား။
🌞
ဗုဒ္ဓါနံ အသီတိယာ အနုဗျဉ္စနာနံ ဗျာမပ္ပဘာယဝါ
နသက္ကာ ၊
ကေနစိ အန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။
🌞
ဘုရားသခင်တို့၏ လက္ခဏာတော်ကြီးငယ် အသွယ်သွယ် ရောင်ခြည်တော် ခြောက်သွယ်ကို
မည်သူတစ်ဦးတစ်ယောက်မျှ ပျက်ဆီးနှောက်ယှက်ခြင်းငှာ မပြုစွမ်းနိုင် ၊ ကိုယ်ရေအဆင်းပျက်စီးခြင်း
ဆိုသော အန္တရာယ်ကင်းတော်မူသော ထိုဘုရားသခင်ကို အကျွန်ုပ် ရှိခိုးပါ၏။ ဤနည်းတူပင် အကျွန်ုပ်အား
ကိုယ်ရေအဆင်းပျက်စီးခြင်း အန္တရာယ် ကင်းပါစေသား။ အလှကျက်သရေ ထိပ်ဆုံးသို့ရောက်ပါစေသား။
🌞
သားကောင်းသားမြတ်ဂါထာ ( ကိုယ်ဝန်ဆောင်မိခင်များ
ဆွမ်းကပ်ပါက)
ယော မေ အယံ ဘန္တေ
ကုစ္ဆိတော ကုမာရကော ဝါ ကုမာရိကာ ဝါ၊
သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ
ဓမ္မဉ္စ ဘိက္ခု သံဃဉ္စ၊
ဥပါသကံ တံ ဘဂဝါ ဓာရေတု
အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။
(မ-၂-၃၀၀)
🌞
ဘန္တေ- အရှင်ဘုရား၊
မေ-တပည့်တော်၏၊
ကု စ္ဆိတော- ဝမ်း၌တည်သော၊
ယော အယံကုမာရောဝါ- အကြင် သတို့သားသည်သော်လည်းကောင်း၊
ယာအယံကုမာရိကာဝါ- အကြင်သတို့သမီးသည်သော်လည်းကောင်း၊
အတ္ထိ-ရှိ၏။
သော -ထိုသန္ဓေသားသည်၊
ဘဂဝန္တံ- မြတ်စွာဘုရားကို၊
သရဏံ- ကိုးကွယ်ရာဟူ၍၊
ဂစ္ဆတိ-ဆည်းကပ်ပါ၏။
ဓမ္မဉ္စ-တရားတော်ကိုလည်းကောင်း၊
ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်းကောင်း၊
သရဏံ-ကိုးကွယ်ရာဟူ၍၊
ဂစ္ဆတိ-ဆည်းကပ်ပါ၏။
ဘဂဝါ-မြတ်စွာဘုရားသည်၊
တံ-ထိုသန္ဓေသားကို၊
အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊
ပါဏုပေတံ-အသက်ထက်ဆုံး၊
သရဏံ- ကိုးကွယ်ရာဟု၊
ဂတံ-ဆည်းကပ်သော၊
ဥပါသကံ- ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊
ဓာရေတု- မှတ်တော်မူပါအရှင်ဘုရား။
ကိုယ်ဝန်ဆောင်မိခင်များ ဗိုက်ကိုင်၍ ရွတ်ဖတ်ပါက
မွေးလာမည့်ကလေး အလွန်လိမ္မာပါသည်။
🌞
ဆုတောင်း
ကမ္ဘာရှိသူများ ဗိုလ်လူတို့ မည်သူမျှဖျက်၍မျှ မပျက်နိုင်သော တည်ကြည်ခိုင်ခံ့သော၊ ကြီးမြတ်သော ဓာတ်ကြီးလေးပါး ဆွမ်းကို ကပ်လှူပူဇော်ရသောအကျိုးအားကြောင့် နိဗ္ဗာန် မဂ်ဖိုလ်ရပါလို၏ အရှင်ဘုရား။ တပည့်တော်တို့အား ယခုအချိန်မှစ၍ နိဗ္ဗာန်ရသည့်တိုင်အောင် မည်သူမျှဖျက်၍မျှ မပျက်သော တန်ခိုးသိဒ္ဓိဆုကို
ပေးသနားတော်မူကြပါဘုရား။
ဝရဒေါ ဒေတုမေ ဝရံ
ကာရော ဂေါတမ ဗုဒ္ဓေါ ပထဝီ ဓါတု ဝ။
ဂေါတမ ဘုရား၏ ပထဝီဓါတ် (၂၀ ) နှင့်တကွ တန်ခိုးတော်တို့သည်
တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။ မြေဓာတ်သည် ခိုင်ခံ့ဘိသကဲ့သို့ တပည့်တော်တို့၏ ကုသိုလ်များသည်လည်းခိုင်ခံ့ရပါလို၏
ရှင်တော် ဂေါတမမြတ်စွာဘုရား။
ဗလူပေတော ဗလဒရော
ကာရော ကဿပ ဗုဒ္ဓေါ အာပေါ ဓါတု ဗ။
ကဿပ မြတ်စွာဘုရား၏ အာပေါဓာတ် (၁၂ ) ပါးနှင့်တကွ
တန်ခိုးတော်တို့သည် တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။ ရေဓာတ်သည် အေးမြသလို
တပည့်တော်တို့၏ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းရပါလို၏ ရှင်တော် ကဿပမြတ်စွာဘုရား။
ဓမ္မညု ဓမ္မသာမိကော
ကာရော ကောဏဂမနော ဗုဒ္ဓေါ ဝါယော ဓါတု ဓ။
ကောဏဂုံ မြတ်စွာဘုရား၏ ဝါယောဓာတ် (၆)ပါးနှင့်တကွ
တန်ခိုးတော်တို့သည် တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။ လေဓာတ်သည်လျင်မြန်သကဲ့သို့
တပည့်တော်၏ ကောင်းမြတ်သော အကြံအစည် အလုပ်အကိုင်တို့သည်လည်း လျှင်မြန်စွာ အောင်မြင်ရပါလို၏
ရှင်တော် ကောဏဂုံမြတ်စွာဘုရား။
စက္ခုမာစရ မာစိဏ္ဏော
ကာရော ကကုသန် ဗုဒ္ဓေါ တေဇော ဓါတု စ။
ကကုသန်မြတ်စွာဘုရား၏ တေဇောဓာတ် (၄ ) ပါးနှင့်တကွ
တန်ခိုးတော်တို့သည် တပည့်တော်၏ ဦးထိပ်၌ တည်တော်မူပါဘုရား။ အလင်းရောင်ဓာတ်သည် လင်းဘိသကဲ့သို့ တပည့်တော်၏ အသိဉာဏ်အလင်းရောင်ဓာတ်သည် ပွင့်လင်းရပါလို၏
ရှင်တော် ကကုသန်မြတ်စွာဘုရား။
ကမ္ဘာအရပ်ရပ်မှ ကြွရောက်ချီးမြှောက်ရန်
လာကြကုန်သော အိုနတ်အပေါင်းများစွာ ၊ များဝဇ္ဇာတို့ တပည့်တော်တို့ မိသားစုသည် ယနေ့မှအစပြုပြီးလျှင် အသက်ရှင်သမျှ ကာလပတ်လုံး
မည်သူမျှဖျက်၍ မပျက်သော သစ္စာအဓိဌာန်ဖြင့် (၃ ) ပါးသောသရဏဂုံတော်မြတ်ကို ထိန်းသိမ်းစောင့်ရှောက်ကိုးကွယ်ပါမည်။ ဤသို့
ကိုးကွယ်သည့်သစ္စာ မှန်စွာဆိုသည်များကြောင့် အနှောက်အယှက်အမျိုးမျိုး အဆိုးဟူသမျှ လွတ်မြောက်ရ၍
ရောဂါဘေးဒါဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှမတွေ့ရဘဲ လောကီလောကုတ္တရာ နှစ်ဖြာအကျိုး
စီးပွား ပွားတိုးပြီးမြောက် အောင်မြင်ခြင်းသို့ရောက်ရပါလို၏ အရှင်မြတ်တို့ဘုရား။
လေးဆူဘုရား ၊လေးပါးသစ္စာ ၊ လေးဖြာသောဓာတ်၊ လေးရပ်သော ဓာတ်နတ်ဝိဇ္ဇာ ၊ ဆဠာဘိညာရ၊ ရဟန္တာအရှင်မြတ်တို့၏ တန်ခိုးရှိန်စော်
၊ မေတ္တာတော်၊ အာနုဘော်တို့သည် တပည့်တော်တို့ မိသားစု၏ ဦးခေါင်းထက်၌ ကိန်းဝပ်စောင့်ရှောက်
တည်နေတော်မူပါဘုရား တည်နေတော်မူပါဘုရား။
🌞
အောင်ဂါထာ
ဇယစက္ကော ဇယန္တောယော
ဇယိတဗ္ဗေ ဇယာသနေ
ဇယာပေသိ ဇယေသိနံ
ဇယံဒေတု ဇယုတ္တရော။
🌞
မာရံယက္ခ ဂဇံစောရံ
စိဉ္စ မာဏဉ္စ သစ္စကံ
နာဂံ ဗကံ ဇိနော ဇိနိ
ဟောတုမေ ဇယမင်္ဂလံ။
🌞
( ဇေယျတု သဗ္ဗမင်္ဂလံပါဘုရား။ )
လေးကျွန်းဇမ္ဗူ ၊ လေးဆူဘုရား ၊လေးပါးအရိယာ၊
လေးဖြာသောဓာတ် ၊ လေးဖြာသော နတ်ဝိဇ္ဇာကြီးတို့သည်
ဤနေရာ ဤဌာနသို့ အစုံအညီ အကုန်ဆင်း၍
ယခုပင် (မတော်မူပါစေသတည်း) ၃ခေါက်
🌞
ဧကဗုဒ္ဓ ဂုဏ်နှစ်ဝဟု၊ ဒသသင်္ချာ ခတ်နှိပ်ပါသည်။ ဒေဝါသိကြား၊ ဝိဇ္ဇာများနှင့် ဘုရားရှင်ဂုဏ် အဖုံဖုံကြောင့် လုံးစုံရောဂါ ဘေးဘယာတို့
ဝေးစွာကင်းပ ချမ်းသာရ၍ ပီယလာဘံ စုံပြည့်လျှံနှင့် လုံးစုံပြည့်ဝအောင်ပွဲရသည် မုချမသွေ ဖြစ်စေသော်။
ကမ္ဘာအရပ်ရပ်မှကြွရောက်ချီမြှင့်ရန်လာကြကုန်သော
ဓာတ်နတ်ဝိဇ္ဇာ ဆရာ့ဆရာတို့ အောင်မြင်ရာအောင်မြင်ကြောင်း ဒေဝါအပေါင်း ဝိဇ္ဇာကြီးတို့သည်
ကူညီဝိုင်း၍ စောင့်ရှောက်တော်မူကြပါကုန်လော့။
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓ ံသရဏံ ဂစ္ဆာမိ
။ ဓမ္မံ သရဏံ ဂစ္ဆာမိ
။ သံဃံ သရဏံ ဂစ္ဆာမိ
မေတ္တာပို့
စကြာဝဠာအနန္တ ရှိရှိသမျှသတ္တဝါတွေ.......
ကျန်းမာကြပါစေ။ချမ်းသာကြပါစေ။
ဘေးရန်မခအေးမြကြပါစေ။
လိုအင်ဆန္ဒပြည့်ဝကြပါစေ။
စိတ်ကြံသလောက် ဓိဌာန်ပေါက်ကြပါစေ။
စိတ်ရှိသလောက်သိဒ္ဓိမြောက်ကြပါစေ။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ကြပါစေ။
သိဒ္ဓိဆောင်လို့ အောင်ကြပါစေ။
အကျင့်စခန်းတက်လှမ်းနိုင်ကြပါစေ။
လက်ငင်းချက်ချင်းအောင်မြင်ခြင်း ရကြပါစေ။
အမျိုးဘာသာ သာသနာ ရောင်ဝါတန်ခိုးတိုးပါစေ။
မေတ္တာခံယူရန်
ထိုနည်းတူစွာ အလုံးစုံသော အရိယာအပေါင်းသူတော်ကောင်းတို့၏
မေတ္တာစေတနာကိုခံယူပါကုန်၏။ သူတော်ကောင်းတို့၏ မေတ္တာစေတနာတို့ကြောင့်.........
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရပါစေ။
ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းရပါစေ။
တောင့်တခပ်သိမ်း ကင်းငြိမ်းရပါစေ။
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းရပါစေ။
စိတ်ကြံသလောက် ဓိဌာန်ပေါက်ရပါစေ။
စိတ်ရှိသလောက် သိဒ္ဓိမြောက်ရပါစေ။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ။
သိဒ္ဓိတန်ခိုး တိုးပါစေ။
သိဒ္ဓိဆောင်လို့ အောင်ပါစေ။
အကျင့်စခန်းတက်လှမ်းနိုင်ကြပါစေ။
လက်ငင်းချက်ချင်း အောင်မြင်ခြင်းရှိရပါစေ။
အမျိုးဘာသာ သာသနာ ဘယာဝေး၍အေးပါစေသား။
🌞
တရားထိုင် / ပုတီးစိတ် ပါ။
🌞
အမျှဝေပါ။
🌞
တောင်းပန်ရန်
ဘုရားရှင် ၊ ရဟန္တာ သိဒ္ဓိရှင် အရှင်မြတ်များဘုရား ဆွမ်းများကို ဘုန်းပေးပြီးသည့်နောက် ဆွမ်းတော်ပွဲတွင် သိဒ္ဓိပညာ တန်ခိုးများ ချီးမြှင့်ပေးသနားတော်မူပါဘုရား။ ဆေးအဖြစ် ဆေးဓာတ်များကိုလည်း ထည့်သွင်း ချီးမြှင့် ပေးခဲ့ပါ ဘုရား။ အရပ်လေးမျက်နှာ ၊ အရပ်ရှစ်မျက်နှာ ၊ အရပ်ဆယ်မျက်နှာတို့တွင် ရှိရှိသမျှသော သတ္တဝါအနန္တတို့အား ဖိတ်ကြားပါသည်။ မိမိတို့နှင့်ထိုက်တန်ခဲ့ပါလျှင် မည်သူမဆိုစားသုံးနိုင်ကြောင်းကို မေတ္တာစေတနာကောင်းနှင့် မုတ္တစာဂီ ထပ်ဆင့်၍ ပေးလှူစွန့်ကြဲပါသည်။ ဤဌာနသို့လာရောက်ကြ၍
မိမိတို့အလိုရှိသလို သုံးဆောင်မှီဝဲကြပါကုန်လော့။ ဤဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်လှူပူဇော်ပွဲသို့ စင်္ကြာဝဠာ ကမ္ဘာအရပ်ရပ်မှ
ကြွရောက်လာကြကုန်သော အယုတ်အလတ်အမြတ်မရွေး၊ အနီးအဝေး ပုဂ္ဂိုလ်အပေါင်းတို့အား ကျွန်ုပ်တို့က မေတ္တာထားသလို သင်တို့အားလုံးကလည်း အကျွန်ုပ်တို့အား ပြန်၍မေတ္တာထားကြပါကုန်လော့။
🌞
ဆုတောင်း
အကျွန်ုပ်၌ ....................... ဤသို့သော
အကြောင်းကိစ္စရှိနေပါသည်။ ၎င်းကိစ္စပြီးမြောက်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီစောင့်ရှောက်ကြပါကုန်လော့။ သင်တို့၏နေရာ ဗိမ္မာန်ဘုံနန်းသို့ ပြန်ရောက်ကြသောအခါ ကျွန်ုပ်၏ကောင်းသတင်းများကို
ရောက်ရာဒေသတို့၌ အဆင့်ဆင့်ပြောကြားကြပါကုန်လော့။ ရောဂါတစ်ခုခုစွဲကပ်ပါလျှင်
ထို..............ရောဂါကို လုံးဝပျောက်ကင်းအောင်
ကုသနိုင်သော ဆရာသမားကောင်း၊ဆရာမြတ်တို့ကို တန်ခိုးတော်ဖြင့်ခေါ်ဆောင်ကြပါကုန်လော့။
🌞
ပြန်ကြွရန်လျှောက်ထားပါ။
အလှူဒါန ကိစ္စအဝဝတို့သည် အောင်မြင်ပြီးမြောက်ပြီဖြစ်ပါ၍ အရှင်မြတ်ဘုရားတို့နှင့် တကွ သံဃာတော် အရှင်သူမြတ်များ၊ ဓာတ် နတ် ဝိဇ္ဇာ၊
ရေနေ မြေနေ ကောင်းကင်နေ ပုဂ္ဂိုလ်အပေါင်းတို့သည် မိမိတို့အလိုရှိရာဌာန အသီးသီးသို့
ပြန်ကြွနိုင်ပါပြီဘုရားဟုလျှောက်ထားပါ။ ရိုသေစွာ ကန်တော့ပါ။
🌞
ဆွမ်းတော်စွန့်ရန်
၉ ပွဲချန်၍ ၁၁ ပွဲစွန့်ပါ။ ပုံစံပြထားသည့်အတိုင်း (ပုံများတွင်ကြည့်ပါ။) စာရွက်ပြောင်ပေါ်တွင် ရေးသား၍ ဆွမ်းတော်ကို ထိုစာရွက်ပေါ်တွင် ပုံပြီးလျှင် သင်ပုတ်စင်ပေါ်တွင် စွန့်ပါ။ သို့မဟုတ် ကျေးငှက် တိရစ္ဆာန်များ စားသောက်ရန် လွယ်ကူသော နေရာများ၌လည်း စွန့်နိုင်ပါသည်။ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကိုလည်း ဝေမျှနိုင်ပါသည်။ ယပ်နှင့် သောက်တော်ရေကိုလည်း ၎င်းနေရာတွင်စွန့်ပါ။ သောက်တော်ရေကို မိမိသောက်သုံးရန် ထားလည်းရပါသည်။
(သင်ပုတ်စင်= ကျေးငှက် တိရစ္ဆာန်များစားနိုင်ရန်
သန့်ပြန့်သောနေရာ)
🌞
မှတ်ချက်။ ။ ။ အကြောင်းညီညွတ်ပါလျှင်
ဦးခေါင်းတော်(သို့ ) လက်တော်များ ကျိုးပဲ့နေသော
ရုပ်ပွားတော်များကို ကောင်းအောင်ပြုပြင်ပြီး ရွှေချ အနေကဇာတင်ပြီး မကျန်းမာသူအား ရုပ်ပွားတော်
လှူခိုင်းပါ။
🌞
အခက်အခဲကြုံလျှင်
အခက်အခဲအမျိုးမျိုးနှင့်တွေ့ကြုံနေပါလျှင်
ထိုကိစ္စကိုအောင်မြင်ပြီးနောက် ချမ်းသာခြင်းသို့ရောက်အောင် တန်ခိုးတော်၊ မေတ္တာတော်ဖြင့်
ဖြေရှင်းပေးကြပါကုန်လော့ဟု ဆုတောင်းပါ။
🌞
အတိဒုက္ခနှင့်ကြုံလျှင်
နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများကို
ဘွဲ့တော်စဉ်အတိုင်း နေ့စဉ်တစ်ဆူစီ ပင့်ဖိတ်လျှက် (၂၈ ) ကြိမ်တိုင်တိုင် ကပ်လှူပါ။
🌞
အကြောင်းထူးကိစ္စမရှိသော်လည်းတစ်လအနည်းဆုံး
တစ်ကြိမ်မှန်မှန်ကပ်လှူနိုင်လျှင် အကျိုးထူးများကို လက်တွေ့ခံစားကြရမည် ဖြစ်ပါသည်။
အလှူတကာ့ အလှူတို့တွင် အမြတ်ဆုံးသော ဤတရားအလှူကြောင့်
ယခုဘဝတွင်ပင် မြတ်ဗုဒ္ဓ၏ တရားတော်တို့ကို သိလွယ် မြင်လွယ် ကြားလွယ် တတ်လွယ်သောသူ ဖြစ်ရပါလို၏ အရှင်ဘုရား။ အရှင်ဘုရား။ ဂျိုးဖြူတောင် သာသနာပြု ဆရာတော်
အရှင် အဂ္ဂသာရ (အဖေကြီး ဦးအေးဖေ)
အား ရိုသေစွာ ဦးညွှတ်လျက်



Comments
Post a Comment