၁၃၈၅ ခုနှစ် ၊ မန္တလေးသင်္ကြန်စာနှင့်(၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း


၁၃၈၅ ခုနှစ် ၊ မန္တလေးသင်္ကြန်စာနှင့်(၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း


ဇေယျတုသဗ္ဗမင်္ဂလံ။ တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်း ဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ် စတုတ္ထပါဒ် အဝဿန်နဝင်းမှသည် တန်ခူးဖြစ်သော မိဿရာသီ အဿဝနီနက္ခတ်ပထမပါဒ် အာဒိအင်္ဂါနဝင်းထက်သို့ တွက်စစ်ကောဇာနှစ်သင်္ချာကား မြန်မာ သက္ကရာဇ်၁၃၈၄-ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၁၀)ရက်၊ ခရစ်နှစ်၂၀၂၃-ခုနှစ်၊ ဧပြီလ(၁၄)ရက်၊ သောကြာနေ့ မြန်မာစံတော်ချိန် ညနေစက်(၆)နာရီ၊ (၁၂)မိနစ်(၈) စက္ကန့်အချိန် ကန်ရာသီ လဂ်၊ မကာရရာသီစန်း၊ တနင်္ဂနွေဟောရတ်၊ သောကြာတြင်း၊ ဗုဒ္ဓဟူးနဝင်း၊ တနင်္ဂနွေ ဒွါဒသင်း၊ အင်္ဂါတိသင်း၊ လဂ်စီနက္ခတ် (၆)လုံး အဒြနက္ခတ် တတိယပါဒ်၊ (၁၁)ဃဋီ၊ (၁ဝ)ဝိဃဋီထက်လဂ်စီးပြီး၊ ကောလဝကရိုဏ်းနှင့် ယှဉ်လျက် တနင်္ဂနွေဂြိုဟ်မင်းသည် ခရူသင်းအဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်လျက် နွားလာဥဿဘကို စီး၍လက်တစ်ဖက်ကားပုဆိန်၊ လက်တစ်ဖက်ကားတံစဉ်းကိုကိုင်လျက် အရှေ့တောင်ထောင့်ကသည် အနောက်သို့ဝင်၏၊
ပြောက္ကာဒေဝီနတ်သမီးကားအလှည့်စေ့၍ ပရမီသွာနတ်မင်း၏သား အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကိုကမ်းသည်ရှိသော် ရဿကာဒေဝီနတ်သမီးကားဆောင့်ကြောင့်ထိုင်၍လှမ်းလင့်၏၊ နန္ဒာဒေဝီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊အပြာ၊ အင်္ဂါအားဖြင့်ငါးပါးသော အစိမ်းအပြာ၊ အင်္ဂါအားဖြင့်ငါးပါးသောအဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကိုစောင့်လင့်၏။ ထိုကြောင့်ဤနှစ်တွင်(၇)ရက်သားသမီး တစ်နှစ်စာ ဟောစာတမ်း

တနင်္ဂနွေနေ့ဖွား သားသမီးတို့ သည် ဤနှစ်တွင် စည်းကမ်းကို အလေးအနက် ထားကာမှ အောင်မြင်မည့်နှစ်ဖြစ်သည်။ မိတ်ဆွေအပေါင်း အသင်း အသစ်များ၊ လုပ်ငန်းအသစ်များ၊ ထူထောင်လုပ်ကိုင်ရမည်။အပျို၊လူပျိုများ ကြံစည် ရည်ရွယ် ထားသော အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စရပ်များ ပျက်တတ် သည်။ မလွတ်လပ်သူ များ မုဆိုးဖို-မ များနှင့် ကြုံတွေ့ ရမည်။ အမျိုးသား၊ အမျိုးသမီး ကြီးငယ်များကလည်း လာရောက်ပတ်သက်တတ်သည်။ သတိထားပါ။ ပိုင်ဆိုင်ရရှိနေသော ဝင်ငွေများကို စည်းကမ်းမဲ့ မသုံးစွဲသင့်ပါ။
မရွေ့ပြောင်းနိုင်သော အိုးအိမ်၊မြေ ယာအသစ်များ ဝယ်ယူပိုင်ဆိုင်ရမည်။ ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။ စည်းကမ်းနှင့် ညီညွတ်သော ကုမ္ပဏီလုပ်ငန်းသစ်များ လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ရမည်။ ပညာရေးထူးချွန်ထက်မြက်မည်။ အတွင်းနေ အတူနေပုဂ္ဂိုလ်များ၏ သစ္စာ ဖေက်ခံရလိမ့်မည်။ ကျန်းမာရေး ကောင်းပါသည်။ အဆုတ်အအေးမမိစေရန် ဂရုစိုက်ပါ။
ယတြာ – မွေးနေ့တိုင်း ပေါင်မုန့်၅လုံး ဆွမ်းတော်ကပ်ပါ။

တနင်္လာနေ့ဖွားသားသမီးတို့သည်တစ်နှစ်လုံး မည်သည့်လုပ်ငန်းလုပ်လုပ် မဝံ့မရဲလုပ်ကိုင်နေရမည်၊ ရိုးသားပွင့်လင်းသလောက် ပတ်ဝန်းကျင်၏ အသုံးချခံရမည်။ အိမ်ထောင်ရေးမှာလည်း မကြာခဏစိတ်အနှောင့်အယှက် ကြုံရမည်။ လမ်းပေါ်တွင် အချိန်ကုန်နေမည်။ နိုင်ငံရပ်ခြားတွင် သွားရောက်တာဝန် ထမ်းဆောင်ခြင်း၊ နိုင်ငံခြားကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခြင်းများ အကျိုးပေးမည်။ အတိုက်အခိုက်များစွာဖြင့် ယှဉ်ပြိုင်ရင်ဆိုင်၍ အနိုင်ရမည့်နှစ်ဖြစ်သည်။ ရှာဖွေထားသော ဥစ္စာပစ္စည်းများကို ဂရုတစိုက်ထိန်းသိမ်းပါ။ အခိုးခံရတတ်သည်။ ကျောင်းသား ကျောင်းသူများ ပညာရေးအနည်းငယ်ညံ့သည်။ အတွေးအခေါ်အယူအဆ အကြံဉာဏ် သဂများ ရရှိမည့် နှစ်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း၊ အိုးအိမ်သစ် ဝယ်ယူထူထောင်ခြင်းများ အကျိုးရှိမည်။ အထက်စီးမှ မဆက်ဆံမိရန်အထူးဂရုစိုက်ပါ။ ကဆုန်လတန်ဆောင်မုန်းလများတွင် အစစအရာရာ ဂရုစိုက်နေထိုင်ပါ။ နယုန်လနှင့် နတ်တော်လများတွင် ထူးထူးခြားခြားအောင်မြင်မှုများ ရမည်။
ဤတစ်နှစ်လုံးတွင် မိခင်နှင့်ပတ်သက်၍လည်းကောင်း၊ ငွေကြေးသုံးစွဲရာတွင်လည်းကောင်း အထူးဂရုစိုက်လုပ်ဆောင်ရန် အရေးကြီး၏။
ယတြာ – အုန်းနို့ခေါက်ဆွဲ (သို့မဟုတ်)အုန်းဆွမ်း မကြာခဏ လှူဒါန်းပါ။

အင်္ဂါနေ့ဖွားသားသမီးတို့သည် ဤတစ်နှစ်လုံး လုပ်သမျှ ကိုင်သမျှ အဆင်ပြေနေလိမ့်မည်။ ကာယကံရှင်ကိုယ်တိုင် ပျင်းရိနေ တတ်သည်။ အိုးအိမ်နေရာပြောင်း ရွေ့ခြင်း၊အလုပ် နေရာပြောင်း ရွေ့ခြင်းများကြုံတွေ့ရမည်။ လက်အောက်ငယ်သားများနှင့်ပတ်သက်၍ ကတိစကားလွန် သွားတတ်သည်။ ရပ်ဝေးခရီး သွား ရမည်။ အပျို၊လူပျိုများ တရားဝင်မင်္ဂလာဆောင်ရလိမ့်မည်။ ဤတစ်နှစ်လုံးတွင်အာမခံမရဲပါနှင့်ဖခင်နှင့်ပတ်သက်၍စိတ်ညစ်စရာ ကြုံရမည်။
အကြီးအကဲများနှင့်ပတ်သက်ပြီး အာမခံမရဲသင့်ပါ။ ပညာရေးထူးချွန်မည်။ ဘွဲ့ထူး၊ ဂုဏ်ထူးများ ရမည့်နှစ်ဖြစ်သည်။ ခရီးသွားလာရာတွင်အထူးဂရုစိုက်ပြီးမှသွားပါ။ ကဆုန်လနှင့် နတ်တော်လများတွင် အကြောင်းတရားမရှိဘဲ စိတ်ဆင်းရဲစရာ ကိစ္စရပ်များ ကြုံရလိမ့်မည်။ ဤနှစ်တွင် အချောင်ရသော ပိုက်ဆံငွေကြေး၊ တံစိုးလက်ဆောင်များကို သတိထားပြီးမှလက်ခံပါ။ အမဲသား လုံးဝမစားပါနှင့်။
ယတြာ ’အနံ့မွှေးသောပန်းမျိုးစုံမွေးနေ့တိုင်း ဘုရားရှင်အားလှူဒါန်းပါ။

ဗုဒ္ဓဟူးနေ့ဖွားသားသမီးတို့သည်ဉာဏ်ရွှင်နေလိမ့်မည်။ စကားပြောရာတွင် ဂရုတစ်စိုက်ပြောဆိုပါ။ ပိုင်ဆိုင်မှုများတိုးတက်လာလိမ့်မည်။ အပျို၊လူပျိုများ တရားဝင်မင်္ဂလာဆောင်ရလိမ့်မည်။ ခိုးယူပေါင်းသင်းခြင်း ကိစ္စရပ်များကို လုံးဝမပြုလုပ်သင့်ပါ။ ကောင်းသောခရီး၊ မြတ်သောခရီးများ သွားရမည်။ ကျန်းမာရေး တစ်နှစ်လုံးကောင်းနေလိမ့်မည်။ မိုးတွင်းကာလ အအေးမမိစေရန် ဂရုစိုက်ပါ။
ကိုယ်ပိုင်မြေကွက်များ ဝယ်ယူရန်ကောင်းသည်။ အိုးအိမ် မြေနေရာသစ်များ ဝယ်ယူရခြင်း၊ ပိုင်ဆိုင်ရခြင်းများကြုံရမည်။ မိခင်ကျန်းမာရေး အနည်းငယ် ချူချာတတ်သည်။ အတူနေ၊ အတွင်းနေသူများ၏ စိတ်ဒုက္ခ၊ လူမှုဒုက္ခပေးမှုကိုခံရမည်။ စီးပွားရေးလုပ်ငန်းများတွင် စွန့်စား၍ ရင်းနှီးမြှုပ်နှံမှုများ လုံးဝမပြုလုပ်သင့်ပါ။ ပြုလုပ်ခဲ့လျှင်လည်း ဆုံးရှုံးမည်။
ယတြာ- အုန်းသီးပေါင်မုန့်(၆)ခု မွေးနေ့တိုင်းဆွမ်းလောင်းပါ။

ကြာသပတေးနေ့ဖွားသားသမီးတို့သည် ဤတစ်နှစ်လုံး ပညာရေး ထူးချွန်မည်။ ကောင်းသတင်းကျော်ဇောလိမ့်မည်။
နှစ်လယ်ပိုင်းတွင် ရည်ရွယ်ချက်ပျောက်၊ လမ်းပျောက်မှုများ ဖြစ်ပွားမည်။မည်သည့် ကိစ္စကိုမှ အလောတစ်ကြီး မဆုံးဖြတ်သင့်ပါ။ စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းအသစ်များကိုသာ ဇောက်ချ လုပ်ကိုင်ပါ။ မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်တတ်သောမိတ်ဆွေအသစ်များတွေ့မည်။ ဤနှစ်တွင် စပ်တူ ရှယ်ယာလုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။ ခရီးသွား စရာ ရှိလျှင်လည်း အပေါင်းအဖော်များနှင့်မသွားသင့်ပါ။ တစ်ကိုယ်တည်းသွားသင့်သည်။ ပျော်ပါးရသောကိစ္စများ လုံးဝ မလုပ်သင့်ပါ။အပေါင်းအသင်းမိတ်ဆွေများကလည်း မိမိ၏ကောင်းသတင်းကို ဖျက်ဆီးတတ်သည်။ ဤနှစ်တွင် နာမည်တစ်ဟုန်တိုးတိုးတက်မှုကိုဂရုစိုက်ပါ။ ဥပဒေနှင့်ငြိစွန်းသော မည်သည့်ကိစ္စရပ်ကိုမျှ မပြုလုပ်သင့်ပါ။
ယတြာ – ခရီးသွားမည့်ပုဂ္ဂိုလ်များအား လမ်းစရိတ်မကြာခဏလှူဒါန်းပါ။

သောကြာနေ့ဖွားသားသမီးတို့သည် ဤနှစ်တွင် တစ်နှစ်လုံးတွင်မည်သည့် ကိစ္စလုပ်လုပ် ထပ်ကာထပ်ကာ ပြုလုပ်ရမည့်နှစ်ဖြစ်သည်။ လူမှုရေးပြဿနာများကိုတတ်နိုင်သမျှရှောင်ရှားပါ။ အောက်လက်ငယ်သားများနှင့် ပတ်သက်ပြီး . အာမခံရမည့်အလုပ်များ မပြုလုပ်သင့်ပါ။ မလွတ်လပ်သူ အမျိုးသား အမျိုးသမီးများ၏ လမ်းဖွင့်ပေးခြင်းကို ကြုံတွေ့ရမည်ဖြစ်၍ ဂရုစိုက်၍ ရှောင်ရှားပါ။ ပညာရေးတွင်လည်းတိုးလိုတန်းလန်း ဖြစ်တတ်သည်။ အပျို၊လူပျိုများ တရားမဝင်ငြိစွန်းတတ်သဖြင့် အထူးဂရုစိုက်၍ နေထိုင်ပါ။ အမျိုးသမီးများ သွေးသားနှင့်ပတ်သက်သော ရောဂါများဖြစ်မည်။ လူမျိုးခြားများနှင့်ပတ်သက်ပြီး အာမခံမရဲသင့်ပါ။ နတ်တော်လနောက်ပိုင်းတွင် ကောင်းသတင်းများ ကျော်ဇောပြီး ဝင်ငွေတိုးတက်ရရှိလိမ့်မည်။ ဩဇာအာဏာ တိုးပွားလိမ့်မည်။
ယတြာ’မွေးနေ့တိုင်းသံဃာတော်များကိုနို့ထမင်းလှူပါ။

စနေနေ့ဖွားသားသမီးတို့သည် တစ်နှစ်လုံးအလုပ်ဖိစီးမှုဒဏ်ခံရမည်။ ကျက်စာကို စိတ်မဝင်စားဘဲ တွက်စာကို လုပ်နေရင်း အချိန်ကုန်နေလိမ့်မည်။ ဝင်သမျှငွေမမြဲဘဲ အကြွေးတင်နေမည်။ ဝင်ငွေ၊ ထွက်ငွေမမျှမတဖြစ်လိမ့်မည်။ ဝါခေါင်လဆန်းပိုင်းမှစပြီး အညံ့များပြေပျောက်၍ အကောင်းဘက်သို့ ဦးတည်လာလိမ့်မည်။ ကောင်းသတင်း ကျော်ဇောလိမ့်မည်။သြဇာအာဏာတိုးတက်မည်။ မရနိုင် မဖြစ်နိုင်သော ကိစ္စရပ်များကို ဇွတ်ဖန်တီး၍ မယူပါနှင့်၊ ပြာသို၊တပို့တွဲလများတွင်စစ်ဆေးမေးမြန်း ခံရတတ်သည်။ နိုင်ငံရေးနှင့်ပတ်သက်ပြီး ပါးစပ်စည်းကမ်းရှိသင့်ပါသည်။
ယတြာ – မကောင်းကျိုးပျောက် ကောင်းကျိုးရောက်စေရန် ရှောက်လုံးယိုမကြာခဏ စားသောက်လှူဒါန်းပေးပါ
 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ