သောကြာဂြိုဟ်.. လကို ဖောက်ထွင်းမည်
၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက် (သောကြာနေ့) ညနေခင်းပိုင်းမှာ အနောက်ဘက်အရပ်ကိုကြည့်လျှင်.. သောကြာဂြိုဟ် (ဗီးနပ်စ်) အရှေ့ကနေ တန်ခူးလဆန်း လခြမ်း ဖြတ်သန်းသွားခြင်း (တနည်း) လ ကို သောကြာဂြိုဟ် ဖောက်ထွင်းသကဲ့သို့ ဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများနဲ့ အာဖရိကတိုက် တောင်ပိုင်းဒသများကပါ သာမန်မျက်စိဖြင့် မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ကောင်းကင်ယံမှ နေ ပြီးလျှင် လ နဲ့ ဗီးနပ်စ်ဟာ အတောက်ပဆုံးသော အရာဝတ္ထုများ ဖြစ်ကြပါတယ်။ လ ဟာ လဆန်းရက် ဖြစ်တာကြောင့် အရွယ်အစားသေးတဲ့ လခြမ်းမျိုးဖြစ်နေပြီး ညနေခင်းပိုင်း နေဝင်ခါနီးအချိန် (သို့) ညဦးပိုင်း နေဝင်ပြီးစအချိန်တွေမှာ အနောက်အရပ်တွင် တွေ့မြင်နိုင်ပါတယ်။ ဗီးနပ်စ် (ခ) သောကြာဂြိုဟ်ကိုလည်း ထိုအချိန်မှာပဲ အနောက်ဘက်အရပ်က မိသရာသီ ကြယ်စုများထဲမှာ လင်းလက်တောက်ပစွာ မြင်နေရပါတယ်။ မတ်လဆန်းပိုင်းလောက်က ဗီးနပ်စ်ဟာ အနောက်ဘက် အရပ်မှာပဲ ဂျူပီတာ (ကြာသပတေးဂြိုဟ်) နဲ့ နီးကပ်ခဲ့ပါသေးတယ်။ ယခုအချိန်မှာတော့ တနင်္လာဂြိုဟ်လို့ ခေါ်ဆိုကြတဲ့ လ နဲ့ လမ်းကြောင်း တထပ်တည်း ကျရောက်တော့မှာပါ။
ဗီးနပ်စ်ဟာ မတ်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်မှာ လရဲ့ အမှောင်ဘက်အခြမ်းကို စတင် ဝင်ရောက်မှာ ဖြစ်ပါတယ်။ ထိုအချိန်ဟာ နေရောင်ခြည်ရှိနေသေးတဲ့အချိန်ဖြစ်လို့ ကောင်းကောင်းမမြင်တွေ့နိုင်ပေမဲ့ လကို မြင်ရတဲ့အချိန်မှာ ဗီးနပ်စ်ဟာ လရဲ့ အနောက်မှာ ရောက်ရှိနေပြီး ဖြစ်နေမှာပါ။ အဲ့ဒီ့နောက်.. လ နဲ့ ဗီးနပ်စ်ဟာ တဖြည်းဖြည်းချင်း အနောက်ဘက် မိုးကုတ်စက်ဝိုင်းနားကို နိမ့်ဆင်းလာပြီး ည ၇ နာရီ ၁၆ မိနစ်မှာတော့ လရဲ့ လင်းနေတဲ့ ဘက်အခြမ်းကနေ ဗီးနပ်စ်ဂြိုဟ် ပြန်လည်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မျိုးကို ၂၀၂၁ ခုနှစ် မေလ ၁၃ ရက် နဲ့ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်တို့မှာလည်း ဖြစ်ခဲ့ဖူးပြီး ထိုအချိန်က နေ့ဘက်ဖြစ်နေခဲ့တဲ့အတွက် ကျနော်တို့ မမြင်ခဲ့ကြရပါ။ ယခုအချိန်ကတော့ မျက်ဝါးထင်ထင်မြင်တွေ့ရမည့် ရှားပါးဖြစ်စဉ်ထဲက တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတော့တယ်။
(အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)
Comments
Post a Comment