ကမ္ဘာတည်ဦးကာလ၌ လူတို့၏ဘုန်းကံနှင့် (ဓမ္မတာ)အလို၏ သဘာဝတရားကြောင့် နေနှင့်လဟူသော ကမ္ဘာ့တန်ဆာ နှစ်ပါး ပေါ်ပေါက်ခြင်း
ကမ္ဘာတည်ဦးကာလ၌ လူတို့၏ဘုန်းကံနှင့် (ဓမ္မတာ)အလို၏ သဘာဝတရားကြောင့် နေနှင့်လဟူသော ကမ္ဘာ့တန်ဆာ နှစ်ပါး ပေါ်ပေါက်ခြင်း
အမိုက်မှောင် အတိပြီးသော ကမ္ဘာတည်ဦးကာလ၌ လူတို့၏တောင့်တသော အာသာဆန္ဒ အတိုင်း ဖြစ်မြဲသော သဘာဝကြောင့် အတွင်း၌ "ရွှေ" ၊ အပြင်၌ "ဖန်" အတိပြီးသော အချင်းသည်ကား၊ ယူဇနာငါးဆယ်၊ အဝန်းသည်ကား ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော (ဘာနုရာဇာ)အမည်ပညတ်ဖြင့် ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းသည် (တပေါင်း) (တည်ပေါင်း )(စပေါင်း) (ဓါတ်ပေါင်း)လ လပြည့်နေ့ မိန်ရာသီအခါ၌ နှစ်ဆယ့်ခြောက်လုံးသော ဥတ္တရာဘဒြပိုဒ် နက္ခတ်ကိုစီး၍ ပြုဗ္ဗဝိဒေဟ အရှေ့ကျွန်း၏ အလယ်ချက်မ ဥဒည်းတောင်ထိပ်မှ ထွက်ပေါ်ကာ ကမ္ဘာမြေ၏ အနှံ့သို့ အလင်းရောင်နှင့်
ထင်ရှားစေလေ ။
အမိုက်မှောင်မှကင်း၍ ကြောက်ခြင်းမှကင်းသည့် အဖြစ်သို့ ရရှိသောကြောင့် ရဲရင့်ခြင်းသို့ရှေးရှုခြင်း အဖြစ်နှင့် ပြည့်စုံ၍ ကမ္ဘာဦး လူအပေါင်းတို့သည်
တညီတညွတ်တည်း သူရိယဟု ခေါ်ဝေါ်ကုန်၏။
သူရိယ(နေမင်းသည်)လှည့်လည်၍ ယုဂန္ဓိုရ်တောင်၌ ကွယ်လေသော် အမှောင်အတိသို့ ပြန်၍ဖြစ်လေ၏ (သဘာဝ၏ညအခါပေတည်း)။
ကမ္ဘာဦးလူတို့သည် နေမင်းပမာ တစ်ခုသောအလင်းကို ရစေသတည်းဟု တောင့်တကုန်သည်ရှိသော် အတွင်း၌ ပတ္တမြား အပြင်၌ ငွေဖြင့်ပြီးသော အချင်းကား လေးဆယ့်ကိုး ယူဇနာ၊ အဝန်းကား တစ်ရာ့လေးဆယ့်ခုနှစ်ယူဇနာရှိသော
ကြည်လင်၍ချမ်းမြေ့သော အရောင်တို့ကိုဆောင်သော လမင်းသည် တစ်ဆယ့်နှစ်လုံးသော၊ ဥတ္တရာဘရဂုဏ္ဏီ နက္ခတ်ကိုစီး၍ နက္ခတ် တာယာ ကြယ်အပေါင်း ခြံရံလျက် အရှေ့မျက်နှာစာမှ ထွက်လာသည် ရှိသော် ကမ္ဘာဦး လူတို့သည်
ဝမ်းမြောက် ဝမ်းသာ ကြည်နူးခြင်းသည် စိတ်၌ ဖြစ်ပေါ်လေ၏။
ငါတို့၏ အလိုဆန္ဒအတိုင်း ရပေသည်ဟုစွဲယူ၍ ဆန္ဒဟူသော အမည်ဖြင့် ဆန္ဒလမင်းဟု ခေါ်လေ၏။ (ကာလရွေ့လျောသော် စန္ဒာလမင်း ဖြစ်သတည်း)။
ဤသို့ နေ၊လ၊နက္ခတ်၊တာယာ၊ကြယ်တို့နှင့်အတူမြင်းမိုရ်၊ သတ္တရဗ္ဘန်သီတာ၊ သမုဒ္ဒရာ လေးစင်း၊ ကျွန်းကြီး လေးကျွန် ၊ ကျွန်းငယ် နှစ်ထောင်၊ ဟိမဝန္တာ၊ မြစ်ကြီး၊အိုင်ကြီး၊ စကြာဝဋ္ဌာတောင်စသဖြင့်သော ကမ္ဘာ့ တန်ဆာ တို့သည် သဘာဝ ဓမ္မတာ၏ ဖြစ်စဥ်အတိုင်း မရှေး မနှောင်းသည်ပင် တပေါင်းလပြည့်နေ့၌ တစ်ပြိုင်တည်း ဖြစ်ကုန်၏။
လောကီ၏နယ်ပယ်၌ စပေါင်းလ ဓါတ်ပေါင်းလဟု ခေါ်ဆိုလေ၏။ လူတို့၏ ဋ္ဌာနေ၌ တပေါင်းလဟု ခေါ်ဆိုလေ၏။ ဝိဇ္ဇာပုဂ္ဂိုလ်တို့၏ အမြင်၌ စတင်၍ ဖြစ်တည်လာသော ဓါတ်သဘာဝ (လောကဓါတ် တစ်ခု)၏ ရုပ်လုံးသဏ္ဍာန်တို့ ပေါ်ပေါက်ခြင်းကြောင့် (ဓါတ်ပေါင်းလ) (စပေါင်းလဟု) ခေါ်ဆိုကုန်၏။
တပေါင်းလပြည့်နေ့ည (ထွက်ပေါ်သောလမင်း၏) အလင်းရောင်သို့ စူးစိုက်စွာကြည့်၍ သစ္စာပြုခြင်း တောင့်တခြင်း ဆုတောင်းခြင်းသည် (ကမ္ဘာဦး) လူတို့၏ ရှေးထုံးဟောင်းအတိုင်း ပြည့်စုံခြင်းသို့ ရောက်ရှိသည်ဟု မိန့်ဆိုခဲ့လေ၏။
စကြာဝဋ္ဌာတစ်ခု လောကဓါတ်တစ်ခု မြေကမ္ဘာတစ်ခု စတင်၍ ပေါင်းဆုံခြင်းသည် လူတို့၏နေထိုင်ရာ အရပ်ဒေသ ပွါးစီးခြင်းပင် ဖြစ်လေ၏။ ဝိဇ္ဇာပုဂ္ဂိုလ်တို့သည် စတင်၍ ပေါင်းစည်းခြင်း ဓါတ်သဘာဝဖြင့် ပဋ္ဌာန်းဆက်တို့နှင့် ပေါင်းဆုံခြင်းအစီအရင်တို့ကို ဓါတ်၏(မနော)ဖြင့် ပေါင်းဆုံမှု့ပြုလုပ်လေ၏။
တပေါင်းလပြည့်နေ့ည၌ ထွက်ပေါ်လာသော လပြည့်ဝန်းကြီးအားကြည့်၍မိမိတို့၏ လိုအင်ဆန္ဒ ကိစ္စ အဝဝတို့ကို ဆုတောင်းပါကုန်လော့။
ဦးဘုန်းအောင်မြတ်

Comments
Post a Comment