ဂြိုဟ်ကြီးငါးစင်း တစ်တန်းတည်းကျရောက်မှု မတ် ၂၈ ရက်တွင် ကမ္ဘာတစ်ဝန်းမြင်တွေ့ရမည်
လာမည့် မတ် ၂၈ ရက်တွင် နေအဖွဲ့အစည်း၏ ဂြိုဟ်ကြီးငါးစင်းတို့ တစ်တန်းတည်းကျရောက်မှုကို ကမ္ဘာတစ်ဝန်းမှ နက္ခတ္တရူပဗေဒဝါသနာအိုးများ အကောင်းဆုံး တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မတ် ၂၈ ရက် နေဝင်ပြီးမကြာမီမှာပင် ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ်နှင့်ယူရေးနပ်စ်ဂြိုဟ်တို့ တစ်တန်းတည်းကျရောက်မှုကို ကမ္ဘာတစ်ဝန်းလုံးမှတစ်ဆင့် မြင်တွေ့နိုင်မည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားအာကာသအေဂျင်စီ (နာဆာ) သိပ္ပံပညာရှင်များ၏အဆိုအရ သိရသည်။
ဂြိုဟ်ကြီးငါးစင်း တစ်တန်းတည်း ကျရောက်မှုကို မတ် ၂၈ ရက်မှစ၍ နောင်သီတင်းနှစ်ပတ်ကြာမျှအထိ မြင်တွေ့နိုင်ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။
ဂြိုဟ်ကြီးငါးစင်း တစ်တန်းတည်း ကျရောက်ချိန်တွင် အလင်းညစ်ညမ်းမှုပြဿာနာ အထိုက်အလျောက်ရှိသည့် မြို့ပြဒေသများမှာပင် ဂြိုဟ်ကြီးများ တစ်တန်းတည်းကျမှုကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
နေအဖွဲ့အစည်း အတွင်းရှိဂြိုဟ်ကြီးများ နေပတ်လမ်းပြင်လွှာထက်၌ တစ်တန်းတည်းကျရောက်မှုများသည် နှစ်အနည်းငယ်ကြာတိုင်းတစ်ကြိမ်ဖြစ်ပွားလေ့ရှိသော အာကာသဖြစ်စဉ်များဖြစ်ကြသည်။
နေအဖွဲ့အစည်းဝင် ဂြိုဟ်ကြီးများ တစ်တန်းတည်း ကျရောက်မှုဖြစ်စဉ်ကို ယခုနှစ် ဇွန် ၁၇ ရက်တွင် ထပ်မံတွေ့မြင်ရဖွယ်ရှိပြီး ယင်းဖြစ်စဉ်တွင် ဗုဒ္ဓဟူးဂြိုဟ်၊ ယူရေးနပ်စ်ဂြိုဟ်၊ကြာသပတေးဂြိုဟ်၊ နက်ပကျွန်းဂြိုဟ်နှင့် စနေဂြိုဟ်တို့ တစ်တန်းတည်းကျမည်ဖြစ်သည်။
ဂြိုဟ်ကြီးငါးစင်း တစ်တန်းတည်း ကျရောက်မှုကို မတ် ၂၈ ရက်မတိုင်မီနှင့် နောက်ပိုင်းကာလများတွင် တွေ့မြင်ရမည်ဖြစ်သော်လည်း အကောင်းဆုံး မြင်တွေ့နိုင်မည့်နေ့မှာ မတ် ၂၈ ရက်ဖြစ်ကြောင်း သိရသည်။
#CNN
ဓာတ်ပုံ - space.com
စံတော်ချိန်
Comments
Post a Comment