အမြုတေ အကြောင်း

အမြုတေ အကြောင်း
📖 📖 📖 📖 📖
အမြုတေ (အမတေ) ဆိုသည်မှာ မာကျောသော အစိုင်အခဲလုံးတစ်ခုသည် လောကီယ သမထပညာ စခန်းစဉ်ဆိုင်ရာ ဝိဇ္ဇာအောင်လမ်း ပညာစခန်းဆန်သည့် သိဒ္ဓိ (၁၀)ပါးအနက် -

၁။ ကာယသိဒ္ဓိ = ဓါးလှံGသန.တ်ပြီးစေခြင်း
၂။ ပီယသိဒ္ဓိ = ချစ်ခင်မြတ်နိုးနှစ်သက်စေခြင်း
၃။ ဓနသိဒ္ဓိ = စီးပွားလာဘ်လာဘ ရှင်စေခြင်း
စသည့် သိဒ္ဓိသုံးပါးအနက် အနည်းဆုံး သိဒ္ဓိ တစ်ပါးပါး စွမ်းဆောင်ထက်မြတ်သော ပစ္စည်းမျိုးကို အမြုတေ (အမတေ)ဟု ခေါ်သည်။ အမြုတေကို သုံးမျိုးသုံးစား ခွဲခြားထား၏။

ယင်းတို့မှာ -
၁။ ဘူမိယ အမြုတေ
၂။ ရုက္ခမူ အမြုတေ နှင့်
၃။ တိရစ္ဆာန အမြုတေတို့ ဖြစ်ကြသည်။

၁။ ဘူမိယ အမြုတေ
•••••••••••••••••••••••
ဘူမိယအမြုတေဆိုသည်မှာ မြေသား၊ မြေဆိုင်၊ ကျောက်တုံးကျောက်ခဲများအကြားမှ ဖြစ်ပေါ် ထွက်ရှိလာ၍ သိဒ္ဓိတစ်ပါးပါး၊ အစွမ်းတစ်မျိုးမျိုး ထက်မြတ်နေသည့် မာကျောသော အစိုင်အခဲလုံးမျိုးကို ဘူမိယအမြုတေဟု ခေါ်သည်။
ဤအမြုတေမျိုးကို လူသူအသွားအလာ နည်းပါးသည့် တောခြောက်၍ မြေကြမ်းသော သိုက်ကုန်း၊ ကျတ်တွင်း၊ ကျတ်တီးကုန်းတို့၌ ရှိသော ကျောက်တောင်၊ မြေတောင်၊ တောင်ပူစာများတွင် အများဆုံး တွေ့ရသည်။
ဘူမိယ အမြုတေတွင် -
(က) ကျောက်တိရစ္ဆာန်ရုပ်အမြုတေ
(ခ) ကျောက်ပျံအမြုတေနှင့်
(ဂ) ခြသံအမြုတေတို့ ဖြစ်ကြသည်။

(က) ကျောက်တိရစ္ဆာန်ရုပ် အမြုတေ
-------------------------
ကျောက်တိရစ္ဆာန်ရုပ် အမြုတေ ဆိုသည်မှာ
တောခြောက်၍ မြေကြမ်းသော သိုက်ကုန်း၊ ကျတ်တွင်း၊ ကျတ်ကုန်းနေရာ၌ ကျောက်တောင်၊ ကျောက်တုံးကြီးမှ ဖြစ်ပေါ်နေသော ကျောက်ခရုလုံးကြီးများ၊ ကျောက်လိပ်၊ ကျောက်မြွေ၊ ကျောက်ဖား၊ ကျောက်နွား၊ ကျောက်ပင့်ကူ၊ ကျောက်မိကျောင်ရုပ် စသည်များတွင် ဦးခေါင်း၌ဖြစ်စေ၊ မျက်စိနှစ်လုံးကြား၌ ဖြစ်စေ၊ သဘာဝမကျဘဲ ဖုလုံးနေသည့် အစိုင်အခဲလုံးများ ပါရှိတတ်သည်။
ထိုပါရှိသော အလုံးနေရာကို ရိုက်ခွဲသောအခါတွင် ဖြစ်စေ၊ ဓါတ်မတည့်သော ဆန့်ကျင်မှု တွေ့ထိ ဖြစ်ပေါ်လာသော အခါတွင်ဖြစ်စေ၊ ကျွတ်ထွက်လာပြီး သိဒ္ဓိတစ်ပါးပါး၊ အစွမ်းသတ္တိတစ်မျိုးမျိုး ဖြစ်ပေါ်နေသည့် ပြောင်လက်မာကျောသော အစိုင်အခဲလုံးကို ကျောက်တိရစ္ဆာန်ရုပ် အမြုတေဟု ခေါ်၏။
ဤအမြုတေသည် ဓနသိဒ္ဓိခေါ် လာဘ်လာဘ ရွှင်လန်းစေခြင်းနှင့် အာရောဂျသိဒ္ဓိခေါ် ရောဂါဝေဒနာ ပျောက်ကင်း ကုသရာတွင် စွမ်း၏။

(ခ) ကျောက်ပျံ အမြုတေ
------------------
ကျောက်ပျံ အမြုတေဆိုသည်မှာ သိုက်ပေါများရာ သိုက်ကြားရှိ ကျောက်တောင်ကြီးများကို ဖြိုချရာတွင်လည်းကောင်း၊ မိုင်းဖေါက်ခွဲလိုက်သောအခါတွင်သော် လည်းကောင်း၊ ပြိုကျလာသော ကျောက်သား ကျောက်တုံးများကဲ့သို့ မြေပြင်အောက်သို့ ကျဆင်းမလာဘဲ ယင်းတည်ရှိရာ နေရာနှင့်အနီးအပါးရှိ ကျောက်တောင်တစ်ခုခုသို့ နေရာပြောင်းရွှေ့ လွင့်စင် ပျံသွားတတ်သည်၊ ကျောက်သားအတွင်း မာကျောပြောင်လက်နေသော သိဒ္ဓိအစွမ်းသတ္တိထက်သည့် အစိုင်အခဲလုံးကို ကျောက်ပျံအမြုတေဟုခေါ်သည်။
ကျောက်ပျံကို ရိုက်ခွဲလိုက်သောအခါ အတွင်းမှ ထွက်လာသည့် အစိုင်အခဲလုံးကိုခေါ်၏။ ကျောက်မိုင်းဖေါက်ခွဲနေစဉ် ကျောက်တုံး တစ်ခုခု ဝေးရာသို့ လွင့်ထွက်သွားတတ်သည့် ကျောက်သားအတွင်း ပါတတ်၏။ ကျောက်ပျံအမြုတေကို မွန်ပြည်နယ် တောင်စွန်းကျောက်မိုင်း၌ အများဆုံး တွေ့ရသည်။ ကျောက်ပျံအမြုတေသည် ကာယသိဒ္ဓိပြီးသည်ဟု အဆိုရှိကြသည်။

(ဂ) ခြသံ အမြုတေ
---------------
ခြသံအမြုတေ ဆိုသည်မှာ အလွန်ကြီးမားသော ခြတောင်ပို့ကြီးများအတွင်းတွင် ခြအကောင်ကြီးများနှင့် ခြဘုရင်မနေထိုင်ရာ၌ ကလပ်ပုံစံ ကျောက်သားခွက်ပေါ်ဝယ် အဆင့်ဆင့် စီတင်ထားဘိသကဲ့သို့ ခြကောင်များပြုလုပ် တည်ဆောက်၍ ဓာတ်သားပမာ အသားချော ပြောင်လက်တောက်ပနေသည့် ခြသံလုံး အချောစားကို ခြသံအမြုတေဟု ခေါ်သည်။ ဤအမြုတေသည် ဓနသိဒ္ဓိ၊ လာဘ်လာဘသိဒ္ဓိ ပိုကောင်း၏။
ခြသံအမြုတေကို အမြုတေဘဝ မရောက်မီ မဖြစ်မီ တွေ့ရှိသူသာ များ၏။ အမြုတေဘဝ ရောက်နေ ဖြစ်နေပြီးသောအခါ လူတကာ ရခဲ၏။ ယင်းကို မြေကြမ်း တောကြမ်းသော ထုံးကျောက်တောင် ခြေရင်းရှိ ခြတောင်ပို့ကြီးများ၊ ထုံးကျောက်လှိုဏ်ဂူအတွင်းရှိ ခြတောင်ပို့ကြီးများထဲတွင် အများဆုံးဖြစ်ပေါ်နေတတ်၏။ ခြသံကဲ့သို့ ပွမနေဘဲ ဓါတ်သားကဲ့သို့ ပြောင်ချော နေသည့်အပြင် အစွမ်းထက်မှုတစ်မျိုးမျိုး၊ သိဒ္ဓိတစ်ပါးပါး ထက်မြတ် ထူးခြားနေမှသာလျှင် ခြသံအမြုတေ စစ်ပေ၏။
အချို့ ခြတောင်ပို့ကြီးများကို ဖြိုချ၊ တူးထုတ်လိုက်သောအခါ အတွင်း၌ ကျောက်ကလပ်ပေါ်တွင် ခြသံလုံးများ ကိုးလုံးအထိ အစီအရီဆင့်၍ စီတင်ထားသည့် ပုံစံကို တွေ့ရ၏။ ဤသို့ တွေ့ဖူးရဖူးသူ အလွန်များ၏။ ဤအချိန်သည် ခြသံအမြုတေအဖြစ်သို့ မရောက်သေး၊ မနပ်သေးသော အချိန်ကာလ လိုနေသေးသည့် ခြသံရိုးရိုးများသာ ဖြစ်သည်။ အချို့မှာ နပ်သည်အထိ၊ ဖြစ်သည်အထိ မစောင့်နိုင်တော့ဘဲ တွေ့ရှိသမျှ ခြသံရိုးရိုးကိုပင် ခြတောင်ပို့ ဖြိုဖျက်ယူသွားကြသည်သာ များ၏။ အချို့ ခြသံလုံးများမှာ အထုခံသည်အထိ မာကျောနေသည်ကို တွေ့ရ၏။ အချို့မှာ ထုလိုက်သည်နှင့် ကြေမွသွားသည်ကို တွေ့ရသည်။ အထုခံသော ခြသံလုံးအမာများမှတဆင့် ပြောင်ချောလာပြီး ခြသံအမြုတေ ဖြစ်လာသည်ဟု ရှေးပညာရှင်များ အဆိုရှိကြ၏။



၂။ ရုက္ခမူ အမြုတေ
•••••••••••••
ရုက္ခမူ အမြုတေဆိုသည်မှာ သစ်ပင်များမှ
ပင်စည်အတွင်းတွင် ဖြစ်စေ၊ အသီးအတွင်းတွင် ဖြစ်စေ၊ အစွမ်းတစ်မျိုးမျိုး သိဒ္ဓိတစ်ပါးပါး ထက်မြတ်နေသည့် မာကျောသော အစိုင်အခဲ တစ်ခုကို ရုက္ခမူ အမြုတေဟု ခေါ်သည်။
ရုက္ခမူအမြုတေပါသော အပင်မျိုးသည် များသောအားဖြင့် တောခြောက်၍ မြေကြမ်းသော သိုက်ကုန်း၊ ကျတ်တွင်း၊ ကျတ်ကုန်းပေါ်၌ ပေါက်တတ်သည့် သစ်ခေါင်းပေါက်ပါသော အပင်မျိုး၊ အခွံမာသော အသီးပင်မျိုးတွင် အများဆုံး တွေ့ရတတ်သည်။

ယင်းအမြုတေတို့မှာ -
(က) ဝါးအမြုတေ
(ခ) အုန်းအမြုတေ နှင့်
(ဂ) ဥသျှစ်အမြုတေ တို့ ဖြစ်ကြသည်။

(က) ဝါးအမြုတေ
==============
ဝါးအမြုတေဟူသည် ဝါးလုံးကြီးအမျိုးအစားများ ဖြစ်ကြသော ဝါးဘိုးမျက်ဆန်ကျယ်၊ ဝါးဘိုးဝါး၊ ဝါးဘိုးမင်း၊ ဝါးဘိုးဘီလူးပင်တို့၏ အရင်းပိုင်းအဆစ်ကြားရှိ အတွင်းဝါးလုံး ခေါင်းပေါက်၌ သဘာဝအလျောက် ဖြစ်ပေါ် တည်ရှိနေသည့် အစွမ်းသတ္တိတစ်မျိုးမျိုး ထူးခြားသော မာကျောကျော အစိုင်အခဲလုံးတစ်လုံးကို ဝါးအမြုတေဟု ခေါ်သည်။
ဝါးအမြုတေ၏ အရောင်သည်
စပျစ်သီးစိမ်းရောင်၊ ဝါးစိမ်းရောင်၊ သစ်တော်သီး အခွံရောင်၊ အညိုရောင် စသည်တို့ ဖြစ်ကြသည်။ ဝါးအမြုတေရှိသောဝါးပင်သည် အခြားဝါးပင်များနှင့် လုံးဝမတူ တမူထူးခြား ကွဲပြားနေသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ တစ်ပင်ထီးတည်း ထိပ်ဖျားပိုင်းသစ်ခြောက်ပင်ကဲ့သို့ ခြောက်လှန့်နေသည့်ပမာ လှုပ်ခါနေတတ်ခြင်း၊ ယိမ်းထိုးလျှင် အခြားသော ဝါးပင်များကို ရိုက်ခတ်၍ အသံမြည်အောင် ယိမ်းထိုးတတ်ခြင်း၊ လပြည့်လကွယ်နေ့ ညတို့တွင် တဒေါက်ဒေါက်နှင့် မြည်သံ ကြားနေရခြင်း၊ ညဉ့်မိုးချုပ်လာသော နေဝင်ရီတရော အချိန်၌ ဝါးကြိတ်သံ ဝါးပွတ်သံတို့ ထွက်နေတတ်ခြင်းတို့ကို ထူးဆန်းစွာ ကြားနေရ၏။ ဝါးအမြုတေပါသော ဝါးပင်မျိုးကို တောခြောက်ကွင်း၊ ကျတ်တီးကုန်းနှင့် တောကြမ်းသောနေရာတွင် အများဆုံး တွေ့ရ၏။
ဝါးအမြုတေသည် ပီယသိဒ္ဓိခေါ် ချစ်ခင်မြတ်နိုး နှစ်သက်ခြင်းနှင့် ဓနသိဒ္ဓိ လာဘသိဒ္ဓိခေါ် စီးပွားလာဘ်လာဘ ရွှင်လန်းစေခြင်းတို့ကို အများဆုံး ဖြစ်ပေါ်စေ၏။

(ခ) အုန်းအမြုတေ
==============
အုန်းအမြုတေဆိုသည်မှာ အုန်းသီးအတွင်းတွင် အစွမ်းသတ္တိ တစ်မျိုးမျိုး ထူးခြားထက်မြတ်နေသော မာကျောသည့် အစိုင်အခဲလုံးကို အုန်းအမြုတေဟု ခေါ်သည်။ အုန်းအမြုတေတွင် သုံးမျိုးသုံးစား ခွဲခြားထား၏။
ယင်းတို့မှာ -
၁။ အုန်းသီးပုံမဟုတ်သော အလုံးပုံအမြုတေ
၂။ အုန်းသီးအသွင်ပမာ အရှည်ပုံအမြုတေနှင့်
၃။ အုန်းသီးအသွင်တူသော မျက်ပေါက်သုံးပေါက်၊ အုန်းကြောသုံးတန်းပါသည့် အုန်းအမြုတေတို့ ဖြစ်ကြသည်။
တတိယ အုန်းအမြုတေသည် ပိုမို အစွမ်းထက် ဆန်းကြယ်၏။
အုန်းအမြုတေပါသော အုန်းသီးသည် အပင်ပေါ်တွင် တော်ရုံတန်ရုံ ခြောက်သွေ့သွားရုံဖြင့် မကြွေကျဘဲ ရှိနေတတ်၏။ နေ့ရောညပါ အုန်းသီးအခွံအား ကျီးကန်းနှုတ်သီးဖြင့် ထိုးပေါက်နေသည့်အလား တဒေါက်ဒေါက်နှင့် အမြဲ အုန်းပင်ပေါ်၌ မြည်နေ၏။ အုန်းပင်ပေါ်သို့ တက်၍ အုန်းသီး ခြောက်နေပါပြီ၊ ခူးရလွယ်ပါသည်ဟု ထင်၍ ခူးဆွတ်သော်လည်း လွယ်လွယ်နှင့် အညှာလိမ်၍ မရ၊ ခူးချ၍ မရသည်ကို တွေ့ရသည်။ ခူး၍ အခြားအုန်းသီးများနှင့် ရောနှောထားသည့်အခါ လူသူမရှိသည့်အချိန်တွင် အုန်းသီးပုံ အပေါ်ဆုံးသို့ အမြဲ ရောက်နေတတ်၏။ ထိုသို့ရောက်နေသော် အချိန်မရွေး ညမိုးချုပ် လာသည်နှင့် တပြိုင်နက် တဒေါက်ဒေါက်နှင့် အသံမြည်နေ၏။
အုန်းသီးအတိုင်း မျက်ပေါက်သုံးပေါက်၊
အုန်းကြောသုံးတန်ပါလျက် မာကြော၍ အသံ တဒေါက်ဒေါက်နှင့် မြည်နေသော အုန်းအမြုတေမှသာ အစွမ်းအထက်ဆုံး၊ အဖိုးအတန်ဆုံး၊ အသုံးဝင်ဆုံး ဖြစ်သည်။
အုန်းအမြုတေသည် ဓနသိဒ္ဓိ၊ လာဘသိဒ္ဓိ စျေးခေါ်လာဘ်ရွှင်၏။ အုန်းသီးကုန်သည်များတွင် အများဆုံး ရှိတတ်ကြသည်။ ကြွက်မြီး အဖျားနှစ်ခွ၊ သုံးခွပါသော အုန်းသီးအတွင်း အမြုတေ ပါလာတတ်သည်။

(ဂ) ဥသျှစ်အမြုတေ
================
ဥသျှစ်အမြုတေဆိုသည်မှာ ဥသျှစ်သီးလုံးအတွင်း၌ အစွမ်းထက်မြတ်၍ မာကျောသော အစိုင်အခဲလုံးတစ်လုံး ပါရှိသည်ကို ဥသျှစ်အမြုတေဟု ခေါ်သည်။ အမြုတေလုံးသည် ဥသျှစ်သီးအတွင်း အညှာရင်းနေရာတွင် ဖြစ်စေ၊ အလယ်အူတိုင်သားတွင် ဖြစ်စေ၊ ကျောက်ခဲလုံးကဲ့သို့ မာကျောပါရှိ၏။ ယင်း၏ အရောင်မှာ အစိမ်းရောင်၊ အစိမ်းနုရောင်ရှိပြီး အချို့ အဝါနုရောင် သန်းနေသည်။
ဥသျှစ်ပင်တစ်ပင်လုံး သီး၍ ကြွေချိန်တန်သည့်တိုင်အောင် မကြွေကျဘဲ နောက်ဆုံးကျန်ရစ်နေတတ်သော ဥသျှစ်သီးထဲ၌ ပါတတ်၏။ တခါတရံ မနာလိုသူများသည် ဥသျှစ်သီး တစ်လုံးကို မီးပုံ၍ မီးဖုတ်လိုက်သောအခါ မီးဖုတ်ခံရသော ဥသျှစ်သီးလုံး၏ အပင်ပေါ်မှ ဥသျှစ်သီးများ တဖုတ်ဖုတ်နှင့်ကြွေကျကုန်တတ်သော်လည်း မကြွေကျဘဲ တစ်လုံးထီးတည်း အပင်ပေါ်တွင် ကျန်ရစ်ခဲ့သည် ဥသျှစ်သီး၌ ဥသျှစ်အမြုတေ ရှိနေ၏။
ဥသျှစ်အမြုတေသည် အာရောဂျသိဒ္ဓိကောင်း၏။ အပူနာ၊ မိန်းမရောဂါ၊ မီးယပ်နာ၊ မူးဝေတတ်ခြင်းတို့အတွက် ကုသရာ၌ မြန်မာသမားတော်ကြီးများ အများဆုံးလက်ကိုင်ထား အသုံးပြုကြသည်။ အလွန်ဆေးဘက်ဝင်၏။ ရုက္ခမူအမြုတေတွင် အရှားပါးဆုံး ဖြစ်သည်။

Credit : ဆရာဦးညွန့်တင်၏ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။ 

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ