ဝမ်းမသာကောင်းတဲ့ အရာ (၃)မျိုး
ဝမ်းမသာကောင်းတဲ့
အရာ (၃)မျိုး
◻️◻️◻️◻️◻️◻️◻️◻️◻️◻️
(၁)။ သူတစ်ပါးရဲ့
အသက်ခန္ဓာဆုံးရှုံးတာကို ဝမ်းမသာကောင်းပါဘူး။
ကိုယ်က ဘယ်လောက်မုန်းတီးတဲ့ ရန်သူဖြစ်ပါစေ
တနည်းနည်းနဲ့ သေဆုံးခဲ့ရင် (သို့မဟုတ်) သေဆုံးတော့မယ့် အခြေအနေကို ရင်ဆိုင်နေရရင်
ဝမ်းနည်းစာနာမှု မပေးနိုင်ရင်တောင် ဝမ်းမသာကောင်းပါဘူး။
ဝမ်းသာလိုက်ခြင်းအားဖြင့် ကိုယ်က အဲဒီလူကို
သေကြေပျက်စီးစေလိုတဲ့စိတ် ရှိနေပြီးဖြစ်တာကြောင့် ကိုယ်တိုင် လူမသတ်သော်လည်း
သေစေလိုစိတ်ကြောင့် ပါဏာတိပါတကံ ထိုက်ပါသတဲ့။
(၂)။ သူတစ်ပါးရဲ့
စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးခြင်းကို ဝမ်းမသာကောင်းပါဘူး။
သူ့ဘာသာ တရားသောနည်းဖြင့်ဖြစ်စေ
မတရားသောနည်းဖြင့်ဖြစ်စေ ပိုင်ဆိုင်ထားတာဟာ အဲဒီသူရဲ့ကုသိုလ်ကံနဲ့ အကုသိုလ်ကံသာ
ဖြစ်တာကြောင့်
ကိုယ်က ဥပေက္ခာပြုနိုင်ရမှာ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ မနောကံအားဖြင့် ပျက်စီးဆုံးရှုံးစေလိုခြင်းဆိုတဲ့
ဗျာပါဒ
ဒုစရိုက်စိတ်ကြောင့် အပါယ်လားတတ်ပါတယ်။ ကိုယ်တိုင်
မခိုးယူ မဖျက်ဆီးသော်လည်း အဒိန္ဒာဒါနာကံ ထိုက်တဲ့သဘောပါပဲ။
(၃)။ သူတစ်ပါးရဲ့
ချစ်ခင်ညီညွတ်မှု ပျက်စီးခြင်းကို ဝမ်းမသာကောင်းပါဘူး။
မိမိရဲ့ မုန်းတီးစိတ်ကြောင့် လူနှစ်ဦးရဲ့
ချစ်ခင်ညီညွတ်မှု ပျက်စီးတာကို ဝမ်းသာခြင်း၊ ချစ်ခင်ညီညွတ်မှုကို မနှစ်မြို့ခြင်းဆိုတဲ့ ပင်ကိုယ်ဆန္ဒတွေ ပါသွားတဲ့အတွက် ဗျာပါဒ ဒုစရိုက်ကံမြောက်သွားပါတယ်။
ချစ်ခင်သူနှစ်ဦးကြားမှာ စိတ်ဝမ်းကွဲသွားအောင် (သို့)
မိမိကိုချစ်ခင်လာအောင် ရန်တိုက်ပေးခြင်း၊ သင့်တင့်ညီညွတ်နေသော မိတ်ဆွေတွေကို မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်းစတဲ့
ကုန်းတိုက်ပြောဆိုခြင်းဖြင့် ယုတ်ညံ့သော ပိသုဏဝါစာကံ ကျူးလွန် မိတတ်ပါတယ်။
ကံဥပါဒ်ကို မသိလို့ မကြောက်ခြင်း၊ သိလျက်နဲ့ မကြောက်ခြင်းဘေးတို့မှ
ကင်းဝေး နိုင်ကြပါစေ...။
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Comments
Post a Comment