သိုက်အကြောင်း သိကောင်းစရာ
သိုက်နဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက် ပြောပြပေးရမယ်ဆိုရင် သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘဝကနေ လာတဲ့လူတွေလို ယူဆရပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဝေမာနိကပြိတ္တာဆိုတာက နေ့စံညခံ၊ ညခံနေ့စံဘဝတွေမိုပါ။ သူတိုဟာ ကောင်းကျိုးနဲ့ဆိုးကျိုးကို တလှည့်စီခံရပါတယ်။ တချိုကျတော့လည်း နေ့မှာနတ်ပြည်လို နတ်ချမ်းသာတွေကို ခံစားရပြီး ညမှာငရဲသားတွေလို ခံရတာရှိသလို ညမှာနတ်ပြည်လိုခံစားရပြီး နေ့မှာ ငရဲလိုခံစားရကြပါတယ်။ ဝိတ္တမိန္ဒကအကြောင်းကို ဖတ်ဖူးတဲ့လူတိုင်း သိပါလိမ့်မယ်။ မိတ္တဝိန္ဒကဟာ တစ်ခုသောဘဝမှာ သူများရဲ့လာဘ်လာဘရမဲ့ဟာကို မနာလိုဝန်တိုဖြစ်ခဲ့တဲ့ မကောင်းမှုကြောင့် နေ့စံညခံပြိတ္တာဘဝကို ရောက်ခဲ့ရတာပါ။ သူ့ကျောင်းလာတည်းတဲ့ အာဂန္တုကရဟန်းကို သူ့ဒကာအိမ်မှာ ဆွမ်းစားမလိုက်စေချင်တဲ့ မကောင်းမှုမစ္ဆရိယကံကြောင့်ပါ။ အဲဒါကြောင့် မိမိတိုလည်း မစ္ဆရိယစိတ်များ မနာလိုမှုများ မထားရှိကြဖို အရေးကြီးပါတယ်။
အဲဒီတော့ သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘဝကနေ အချိန်ကန့်သတ်ချက်နဲ့ လူ့ချမ်းသာကို ခံစားရဖိုလာတဲ့လူတွေ ဖြစ်မှာပါ။ အဲဒီလိုလာတဲ့လူတွေထဲမှာလည်း ဝေမာနိကပြိတ္တာကနေ ကျွတ်လွတ်လာတဲ့ပုဂ္ဂိုလ်ရှိသလို ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရအောင် လာရောက်နေရတဲ့ပုဂ္ဂိုလ်များလည်း ရှိနိုင်ပါတယ်။ ပြိတ္တာကနေ လွတ်လာတဲ့လူတွေကတော့ သူတိုကောင်းမှုရှိရင် သူတိုကောင်းမှုအလျှောက် နောက်ဘဝမှာ ခံစားကြမှာဖြစ်ပါတယ်။ ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရန်ရောက်လာတဲ့လူတွေကတော့ လူ့ချမ်းသာကိုခံစားရန် သူတိုသတ်မှတ်ချက် ကံတရားကုန်ရင် ပြိတ္တာကိုပြန်ရောက်ပြီး ပြိတ္တာရဲ့ဒုက္ခတွေကို ဝဋ်ကြွေးကြောင့် ပြန်ဆပ်ရပါဦးမယ်။ ဒီလို ပြိတ္တာကိုပြန်ရောက်ပြီး ခံစားရဦးမဲ့လူတွေကတော့ လူ့ဘဝရောက်ရှိချိန်လေးမှာ ကောင်းမှုများများလုပ်ပေးမယ်ဆိုရင် သူတိုဝဋ်ကြွေးကုန်လို ပြိတ္တာကနေ လွတ်တဲ့အခါ ကောင်းတဲ့ဘုံမှာ ကောင်းကျိုးတွေ ခံစားရမှာပါ။ အဲဒီလိုမဟုတ်ဘဲ ရရှိလာတဲ့လူ့ဘဝလေးကို မကောင်းမှုလုပ်ပြီး အချိန်ကုန်လွန်သွားမယ်ဆိုရင်တော့ ပြိတ္တာကနေလွတ်လည်း မကောင်းတဲ့အပါယ်လေးဘုံထဲမှာပဲ ပြန်လည်ခံစားရပါလိမ့်မယ်။
ပြိတ္တာကနေလာတဲ့သိုက်တွေကို ပူဇော်ခြင်းတွေလုပ်တာကိုတော့ ဘာအကျိုးမှမရသလို ဘယ်လိုဆိုးကျိုးမျှကိုလည်း မိမိတိုကို မပေးနိုင်တဲ့အတွက် မလုပ်သင့်ဘူးလို ထင်ပါတယ်။ သိုက်ကလာတဲ့လူကို သူတိုသူငယ်ချင်းများဖြစ်တဲ့ပြိတ္တာများက သူလူ့ဘဝခံစားနေရတုန်းမှာ သတိမေ့လျော့ပြီး ကောင်းမှုမလုပ်ဘဲ မကောင်းမှုများနဲ့ အချိန်ကုန်လွန်နေမှာစိုးလို သတိပေးတာဖြစ်နိုင်သလို ကောင်းမှုလုပ်လို ကောင်းချီးပေးတာလည်း ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ မိမိတိုမှာ ဘယ်ဘဝကနေ ဘယ်လိုအခြေအနေမျိုးမှာပဲ လူ့ဘဝကိုရရှိလာပါစေ လက်ရှိရရှိလာတဲ့လူ့ဘဝလေးမှာ ကောင်းမှုများနဲ့ အချိန်ကုန်လွန်ကြဖိုပါပဲ။
အရှင်ကောမလ
Telegram Link - https://t.me/+D-dLN8Pgm7szNDU1
Viber Link - https://invite.viber.com/?g=3xa28BSQXEpn0AXXc4y_1ZbSucr-jHTG&lang=en
Facebook Page Link - https://www.facebook.com/profile.php?id=100089971632803

Comments
Post a Comment