တရုတ် ဆယ့်နှစ်ရာသီခွင်
တရုတ်ရာသီခွင် ဆယ့်နှစ်ကောင် အကြောင်း အကျဥ်းချုပ်
==============
တရုတ် ရိုးရာမှာ နှစ်တစ်နှစ် ကို တိရစ္ဆာန်တစ်ကောင်စီ က
ကိုယ်စားပြုတယ် ဆိုတာ အားလုံးအသိပါ။ တိရစ္ဆာန် ၁၂ ကောင်ရှိပြီး နှစ်ပေါင်း ၁၂
နှစ်ပြည့်ရင် ဆယ့်နှစ်ရာသီခွင် စက်ဝိုင်း တစ်ပတ်ပြည့်တဲ့အတွက် ရာသီခွင်အစကနေ
တစ်ပတ် ပြန်လည်ပါတယ်။ အဲ့ တိရစ္ဆာန် ၁၂ ကောင်ကတော့ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊
ကြက်၊ ခွေး၊ ဝက်တို့ပဲ ဖြစ်ပါတယ်။
လူတစ်ယောက်ဟာ သူမွေးတဲ့တိရစ္ဆာန်ရဲ့
ရာသီခွင်ပေါ်လိုက်ပြီးတော့ စိတ်နေစိတ်ထားပါ ဗီဇစရိုက် ပါ သတ်မှတ်ပြီး
မွေးဖွားလာတယ်လို့ တရုတ်လူမျိုးတွေဟာ ရှေးခေတ်ကတည်းက ယုံကြည်လာခဲ့ကြတာ
ယနေ့အထိတိုင် ဖြစ်ပါတယ်။
အနောက်တိုင်းရဲ့ ရာသီခွင်တွေက ကြယ်တာရာတွေ ကို ကြည့်ပြီး
ရွေးချယ် သတ်မှတ်ခဲ့ကြတာဖြစ်ပေမယ့် တရုတ် ရဲ့ ရာသီခွင်တွေက
ဘယ်ကဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိကြပါဘူး။
လွန်ခဲ့တဲ့ အနှစ် ၂၅၀၀ ခန့် "စစ်ပွဲများကာလ" ကတည်းက
ရှိခဲ့တဲ့ မှတ်တမ်းတွေမှာ တရုတ်ရာသီကောင်တွေ၊ ရာသီခွင်တွေ နဲ့ ပတ်သက်ပြီး
မှတ်တမ်းတွေ၊ အသုံးအဆောင်တွေ၊ ပန်းချီတွေ၊ ရုပ်ထုတွေ စသဖြင့်
တွေ့ရှိခဲ့ရပါတယ်။
အချို့ကတော့ ပိုးလမ်းမကြီး ကနေ ယဥ်ကျေးမှုတွေ ဖလှယ်ရင်း
တရုတ်နိုင်ငံထဲကို ရာသီခွင်တွေနဲ့ ပတ်သက်တဲ့ အယူအဆများ ဝင်ရောက်လာနိုင်ခြေ
ရှိခဲ့တယ်လို့ခံယူထားကြပါတယ်။
အခြားသောသူများက ခြေသလုံးအိမ်တိုင်
လူရိုင်းမျိုးနွယ်စုများရဲ့ လက်ချက်လို့ ဆိုကြပြန်ပါတယ်။ သူတို့ရဲ့ ခုနှစ်
အရေအတွက်မှာဆိုရင် အတိအကျမရှိပဲ တိရစ္ဆာန်တွေနဲ့ သတ်မှတ်ထားတဲ့ ခုနှစ် တွေ
ဖြစ်နေလို့ပါ။ ဥပမာ-
ဒီနှစ်အတွင်း သူတို့အမဲလိုက်တာ မှာ
"မြွေ" အများဆုံးဖမ်းမိတယ် ဆိုရင် လာမယ့်နှစ်ကို မြွေနှစ်လို့
သတ်မှတ်လိုက်ကြပါတယ်။ အဲ့လိုပဲ တစ်နှစ်ပြီးတစ်နှစ် ကို သတ်မှတ်တတ်ကြတယ် လို့
ဆိုကြပါတယ်။
အဲ့လိုလူတွေအပြင် နောက်ထပ်လူတွေက လည်း နောက်တစ်မျိုး
ယူဆကြပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ် ငါးထောင် နဲ့ တစ်သောင်းကြားမှာ တရုတ်
နတ်ဘုရားတွေ၊ နတ်သွေးနှောတွေနဲ့အတူ နေထိုင်ခဲ့တဲ့ ရှေးတရုတ်လူမျိုး
စစ်စစ်တွေက ဒီလိုမျိုး ရာသီခွင်တိရစ္ဆာန်ကောင်တွေကို သတ်မှတ်ခဲ့ကြတယ်လို့
ယူဆထားကြပါသေးတယ်။
တရုတ်ရာသီခွင် (တရုတ် 生肖) Chinese Zodicသည်
ဟန်မင်းဆက် The
Han Dynasty (206 BCE – 220 CE)
စတင်အသုံးပြုခဲ့ပြီး တရုတ် နှင့်
အရှေ့အာရှဒေသတွင် အသုံးပြုသည့် ပြက္ခဒိန်ဖြစ်သည်။ ကောဇာသက္ကရာဇ်ကဲ့သို့ လ တမျိုးတည်းကို
လည်းကောင်း ၊ ခရစ်သက္ကရာဇ်ကဲ့သို့
နေ တမျိုးတည်းကို လည်းကောင်း တွက်ချက်သည့်
ပြက္ခဒိန်အမျိုးအစားမဟုတ်ပဲ၊ 'နေ နှင့် လ နှစ်မျိုးစလုံးဖြင့်
တွက်ချက်သည့် ပြက္ခဒိန်ဖြစ်သည်။
တရုတ်ရာသီခွင်စက်ဝန်း တပတ်သည် ရာသီခွင်
(၅)မျိုးဖြင့် သတ်မှတ်ထားပြီး နှစ် (၆၀)ကြာမြင့်သည်။ ရာသီခွင်
အမျိုးအစားမှာ -
- သစ် Wood
- မြေ (ပထဝီ) Earth
- မီး (တေဇော) Fire
- ရေ (အာပေါ) Water
- သတ္တု (ဝါယော)Metal
တို့ဖြစ်ကြသည်။
ရာသီခွင်တပတ်သည် (၁၂)နှစ်ဖြစ်ပြီး ကြွက်
နှစ်မှစ၍ ဝက်နှစ်ထိဟူ၍ တိရစ္ဆာန် (၁၂) ကောင်ဖြင့် ကိုယ်စားပြုသည်- ထို တိရစ္ဆာန် (၁၂) Chinese Zodiac Sign မှာ
-
- ကြွက် Rat
- နွား Ox
- ကျား Tiger
- ယုန် Rabbit
- နဂါး Dragon
- မြွေ Snake
- မြင်း Horse
- ဆိတ် Sheep
- မျောက် Monkey
- ကြက် Rooster
- ခွေး Dog
- ဝက် Boar/Pig တို့ဖြစ်ကြသည်။
ဝီကီပီးဒီးယား
ရာသီခွင် အကောင်များ သတ်မှတ်ခြင်းနဲ့ ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ်
===============
ဇာတ်လမ်းကျောရိုးတူပြီး မူကွဲတွေအများကြီးရှိတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ပုံပြင်လို့ပဲ သတ်မှတ်ထားကြပြီး အဘိုး၊ အဘွားများ နဲ့ နေထိုင်ကြီးပြင်းလာကြတဲ့ တရုတ်လူမျိုးတော်တော်များများ သိကြတဲ့ ပုံပြင်ပါ။ တရုတ်လူမျိုး သက်ကြီးရွယ်အိုတွေနဲ့ အနေနီး၊ နေ့စဥ်နီးပါး ထိတွေ့ဆက်ဆံနေရတဲ့ ကလေးသူငယ်တွေ၊ ဆယ်ကျော်သက်တွေကိုလည်း သက်ကြီးရွယ်အိုတွေက ဒီပုံပြင်ကို ပြောပြလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုးကွယ်ကြတဲ့ဘာသာ၊ နေထိုင်ရာဒေသပေါ်မူတည်ပြီး မူကွဲတွေ ကွဲထွက်လေ့ရှိပါတယ်။
ပုံပြင်အစမှာ ကျောက်စိမ်းဧကရာဇ် က လောကကြီးထဲမှာရှိသမျှ တိရစ္ဆာန်တွေ အားလုံးကို ပြိုင်ပွဲတစ်ခုကျင်းပပေးဖို့အတွက် ဆင့်ခေါ်ခြင်းဖြင့် စတင်ပါတယ်။ (ဗုဒ္ဓဘာသာကိုးကွယ်တဲ့ အဘိုး အဘွားတွေကတော့ မြတ်ဗုဒ္ဓ နဲ့ အစားထိုးပြီး ပြောပြလေ့ရှိကြပါတယ်။)
အရင်ဆုံး ပန်းဝင် တဲ့ တိရစ္ဆာန် ၁၂ ကောင် ကို ပြက္ခဒိန်မှာ ရာသီကောင်များ အဖြစ် ထည့်သွင်းသွားမယ် လို့ ကြေငြာစေပြီး ပန်းဝင် တဲ့ အစဥ်အတိုင်း ရာသီခွင်စက်ဝိုင်း ကို လည်ပတ်စေမယ် လို့ ကြေငြာစေပါတယ်။
ပန်းတိုင်အရောက်မှာ မြစ်ကြီးတစ်စင်းရှိပြီး အဲ့မြစ်ကို ဖြတ်ကူးနိုင်မှ ပန်းဝင်မှာဖြစ်ပါတယ်။
မူကွဲ ၁ ။ ။
ပန်းတိုင်ရောက်ခါနီး ကြွက်က ဦးဆောင်လို့ နေပါတယ်။ ဒါပေမယ့် ရေစီးအခြေအနေ ကို ကြည့်လိုက်ချိန် သူ ရေစီးနဲ့မျောပါသွားနိုင်ကြောင်း သိလိုက်တယ်။ ဒါကြောင့် ရေကိုဖြတ်ကူးနိုင်တဲ့ ပန်းတိုင်နဲ့အနီးဆုံးမှာ ဘယ်တိရစ္ဆာန်ရှိနေလဲ ကြည့်ကြည့်တော့ တစ်ဟုန်ထိုးပြေးလာနေတဲ့ နွား ကို တွေ့လိုက်တယ်။ ဒါကြောင့် မြစ်စပ်မှာ ဝပ်ပြီးစောင့်နေပြီး နွားလည်း မြစ်ထဲခုန်ချ ကူးရော၊ ကြွက်လည်း နွားကျောကုန်းပေါ်ကို မသိမသာ ခုန်တက်သွားပြီး အသာလေးလိုက်သွားရော။
ဒါနဲ့ တစ်ဘက်မြစ်ကမ်းစပ်ပေါ်ကိုတက်ဖို့ကျတော့ ကူးခတ်ထားရတဲ့အတွက် နွားက မောနေပြီး တော်ရုံနဲ့ မတက်နိုင်ဘူး။ အဲ့ဒါကို ကြွက်က အခွင့်ကောင်းယူပြီး နွားကိုယ်ပေါ်ကနေ ကမ်းပေါ်ကို အသာလေးခုန်တက်လိုက်ကာ ပန်းဝင်တဲ့ ပထမဆုံးသော တိရစ္ဆာန်ဖြစ်သွားတာပေါ့။
မူကွဲ ၂ ။ ။
ကြွက် ဝပ် နေတာကို နွားက တွေ့လိုက်တော့ ပြေးရင်းနဲ့ ကြွက်ကို လှမ်းအော်ပြောလိုက်တယ်။ "လာပါ မိတ်ဆွေလေး၊ ကျောပေါ် တက်ပြီး လိုက်ခဲ့။ မြစ်တူတူကူးကြတာပေါ့"
ကြွက်လည်း ချက်ချင်း နွား ကျောကုန်းပေါ်ကို ခုန်တက်လိုက်တယ်။ မြစ်ကူးကြတယ်။ ကမ်းစပ်ရောက်တော့ "သွား၊ ပန်းဝင်နှင့်တော့ မိတ်ဆွေလေး။ ကျုပ် လိုက်ခဲ့မယ်" ဆိုပြီး ကြွက်ကို ပြေးခိုင်းနှင့်တယ်ပေါ့။
ဒီမှာ အချို့ဖတ်ရှုသူတွေက မေးခွန်းထုတ်လိမ့်မယ်။
အစွမ်းအကြီးဆုံး နဂါးက ဘယ်ရောက်နေလို့တုန်း.... ဘာကြောင့် ပထမ မဝင်ရတာလဲ....
သိချင်ရင် အပေါ်ဆုံးက စာကို ပြန်ဖတ်ပါ။ အဲ့ဒါ ပန်းဝင်တဲ့ အစဥ်အတိုင်း ကျွန်တော်စဥ်ပြီး ရေးထားတာ။ နဂါးက ပဥ္စမနေရာမှာ။
ဘာကြောင့်လဲ ဆိုတော့ နဂါးရဲ့ စရိုက်မှာ ကိုယ်ချင်းစာ တဲ့ စရိုက်ပါတယ်။ သူ မြေလျှိုးမိုးပျံ ပြိုင်နေတုန်း ရွာတစ်ရွာ မီးလောင်နေတာကို သူအာရုံခံလိုက်ရတယ်။ ဒါကြောင့် အဲ့ရွာအထိသွားပြီး မိုးရွာစေခြင်းဖြင့် မီးငြှိမ်းပေးပြီး မီးအပြည့်ငြိမ်းပြီဆိုမှ ပြိုင်ပွဲ ဆက်ပါတယ်။ နောက်မကြာပါ၊ ရွာတစ်ရွာ မိုးခေါင်နေတဲ့အတွက် အဲ့ရွာမှာ လုံလောက်တဲ့ မိုးရွာအောင် စီမံပေးလိုက်ရပါသေးတယ်။ အဲ့လိုနဲ့ သူအာရုံခံလို့ရသလောက် ခံပြီး လူသားတွေ နဲ့ သဘာဝတရားတို့ရဲ့ ပြဿနာတွေအကုန် လိုက်လံဖြေရှင်းပြီးတော့မှ ပြိုင်ပွဲဆက်တဲ့အတွက် ပဥ္စမနေရာ ရ ခြင်း ဖြစ်ပါတယ်။
တတိယ နေရာ က ကျားပါ။ မြင်းထက်ပိုမြန်တဲ့ လျင်နှုန်းနဲ့ပြေးပြီး မြစ်ရောက်မှ ရေကူးဖို့ တိုင်ပတ်နေတဲ့အတွက် နွားက ကျော်တက်သွားရခြင်း ဖြစ်တယ် လို့ ဆိုကြပါတယ်။
စတုတ္ထ နေရာ က ယုန်ပါ။ ယုန်ဘာလို့ဒီလောက်မြန်လဲ ဆိုတော့ ကျားက ယုန်ကို လိုက်စားဖို့ မဲနေတဲ့အတွက် ယုန်လည်း အသားကုန်ပြေးပြီး ဒီလောက် အရှေ့ကို ရောက်လာရခြင်း ဖြစ်တယ် လို့ ပြောကြပါတယ်။ မြစ်လယ်မှာရှိတဲ့ ကျောက်တုံးတွေ၊ ဒိုက်တွေ ကို သုံးပြီးတစ်ဖက်ကမ်းကို ခုန်ကူးခြင်းဖြင့် ပန်းဝင်ပါတယ်။
ပဥ္စမ က တော့ နဂါး။ အပေါ်မှာရေးပြီးပါပြီ။
ဆဌမ က မြွေဖြစ်ပါတယ်။ မြင်း က အပြေးမြန်မှန်းသိလို့ မြင်းအမြီးမှာ ပတ်ပြီး လိုက်ပါလာခဲ့တယ်။ ခရီးတဝက်ကျော်တော့ မြင်းရဲ့ ခြေနှစ်ချောင်းကို ကြိုးတုပ်သလိုတုပ်ပြီး မြင်းကို ချော်လဲအောင်လုပ်။ မြင်းက မြွေပေါက်ခံရပြီ အထင်နဲ့ ပြေးဖို့ တွန့်ဆုတ်နေရာ ကနေ နွား၊ ကျား နဲ့ ယုန် တို့ က ကျော်တက်သွားတယ်။ မြွေက မြင်းကို စ ချင်သေးတဲ့အတွက် မြစ်နားအထိ တွားသွားပြီး စောင့်။ မြင်း မြစ်ကူးဖို့လည်းပြင်ရော မြွေက မြေးခြေနှစ်ချောင်းကို ထပ်ပြီး ကြိုးတုပ်သလို ပတ်လိုက်တော့ မြင်းလည်း မြစ်ထဲ ဟတ်ထိုးလဲ ကျပါရော။ အဲ့လိုနဲ့ မြွေက မြစ်ရေကူးပြီး ဆဌမ နေရာ ရ။
မြင်းက သတ္တမ နေရာ နဲ့ ပန်းဝင်ပါတယ်။
ဆိတ်၊ မျောက် နဲ့ ကြက် တို့က မိတ်ဆွေတွေ လမ်းလျှောက်ထွက်ကြသလို စကားတပြောပြော နဲ့ အေးဆေး ပြိုင်ကြပါတယ်။ မြစ်ကိုဖြတ်ကူးမယ့်အချိန်ရောက်တော့ ကြက်က လူသားတွေနဲ့အနေနီးတဲ့ ရွာထဲက ကြက်ပီပီ ဖောင်နဲ့ကူးဖို့ အကြံပေးတယ်။ မျောက်က ပတ်ဝန်းကျင်ကို လိုက်လံကြည့်ကြည့်တော့ လူသားတွေပစ်ထားတဲ့ ဖောင်တစ်စင်းတွေ့ပြီး ကြက်က လှော်နည်းသင်ပေးခြင်းဖြင့် တစ်ဖက်ကမ်းကို ရောက်ကာ...
ဆိတ် က အဌမ၊
မျောက်က နဝမ
ကြက်က ဒဿမ
အသီးသီးရကြပါတယ်။
၁၁ ကောင်မြောက်အဖြစ် အနံ့တခံခံ နဲ့ ပြေးလိုက် ဟောင်လိုက် အူလိုက် လုပ်နေတဲ့ ခွေးက ပန်းဝင်ပြီး၊
နောက်ဆုံးကတော့ ဝက် ပဲ ဖြစ်ပါတယ်။
အထက်ကနေ ဝက်ကို ဘာလို့ နောက်ကျလဲ မေးတော့ ဝက်က အိပ်လိုက် စားလိုက် လုပ်နေလို့ နောက်ကျရတာပါ ဆိုပြီး ဖြေပါတယ်။ အကုန်လုံး ဟားတမောမော ရယ်လိုက်ကြပြီး တရားဝင် ရာသီကောင်များအဖြစ် ကြေငြာခြင်းပြုလိုက်ပါတယ်။
ရာသီကောင်များနှင့် ရာသီခွင်ဖွား
လူသူများ၏ စိတ်နေစိတ်ထား စရိုက်ဗီဇများ
==============
■ ကြွက်နှစ်ဖွားများ (–1960,
1972, 1984, 1996, 2008, 2020)
ရိုးသားတယ်၊ လွပ်လပ်တယ်၊ အလုပ်ကြိုးစားတယ်၊
ညှို့ဓာတ်ကောင်းတယ်။ တစ်ကိုယ်ကောင်းဆန်တတ်တယ်၊
စာနာစိတ်နည်းပါးတယ်၊ ထိန်းချုပ်တတ်တယ်၊ လျှို့ဝက်ကြံစည်တတ်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်၊
ချက်ချင်းပြောပြီး ချက်ချင်းလုပ်တယ်၊ သတိအရမ်းကြီးတယ်။ ဒါပေမယ့်
အပေါက်ကြမ်းတယ်၊ အပြောအဆိုမတတ်ဘူး။ စိတ်တိုလွယ်တယ်။သူတို့ကို
ဒေါသထွက်အောင် မစနောက်မိ၊ မနှိပ်စက်မိပါစေနဲ့။ ပေါက်ကွဲရင်
အရမ်းကြောက်ဖို့ကောင်းတာမို့ပါ။
■ နွားနှစ်ဖွားများ (1961, 1973,
1985, 1997, 2009)
သပ်ရပ်တယ်၊
တည်ငြိမ်တယ်၊ စိတ်ရှည်တယ်၊ လှုံ့ဆော်မှုကောင်းတယ်၊ ရှက်ကြောက်တတ်တယ်။
ခေါင်းမာတယ်၊ အမြင်းကျဉ်းမြောင်းတယ်၊
ကျွမ်းကျင်မှုအထူးလိုအပ်တယ်၊ တင်းကျပ်တတ်တယ်။
မိသားစု၊ သက်ကြီးရွယ်အိုတွေ အပေါ် သိတတ်တယ်။
အလုပ်အရမ်းကြိုးစားတယ်။ ဇွဲကြီးတယ်။ သည်းခံအားကောင်းတယ်။ ရိုကျိုးတတ်တယ်။
မိသားစု ဖြစ်ဖြစ်၊ အလုပ်က ဖြစ်ဖြစ် အထက်က (လူကြီးတွေ) ပြောသမျှအကုန်
ခေါင်းငုံ့ခံပြီး နားထောင်နေတတ်တယ်။ဒါပေမယ့် အရမ်းရုန်းကန်ရတယ်။
လုပ်ရင်လုပ်သလောက် မဖြစ်ထွန်းဘူး။ ကိုယ့်အလုပ်ရှင်က နဂါးနှစ်ဖွားဖြစ်နေရင် ကိုယ်က
ပိုအခိုင်းခံရတယ်။ ဖိအားပိုများတယ်၊ စိတ်ဖိစီးရတယ်ပေါ့။ မိသားစုအတွက်
အဓိကဝင်ငွေရှာပေးသူက နွားနှစ်ဖွားဖြစ်နေရင် အဲ့မိသားတစုလုံး နွားသား အမဲသား
ရှောင်ရပါတယ်။
■ ကျားနှစ်ဖွားများ (1962, 1974,
1986, 1998, 2010)
အင်အားကြီးမားတယ်၊
ပုန်ကန်ထကြွတတ်တယ်၊ သန်မာတယ်၊ ရဲဝံ့တယ်၊ သဘောထားကြီးတယ်။
ဂနာမငြိမ်ဘူး၊ မသေသပ်ဘူး၊ ဒေါသကြီးတယ်၊
စိတ်မရှည်ဘူး။ တက်တက်ကြွကြွရှိတယ်။
ရဲရင့်တယ်။ အာဏာရလွယ်တယ်။ ဂုဏ်ကြီးပြီး ထည်ထည်ဝါဝါ နေထိုင်လေ့ရှိတယ်။ ဒါပေမယ့်
ကြွက်နှစ်ဖွားတွေထက် ပိုပြီး စိတ်ဆတ်၊ စိတ်တိုလွယ်ကြတဲ့အတွက် ကိုယ့်ကလေးတွေကို
ကျားနှစ် မှာ မမွေးကြပါစေနဲ့လို့ ဆုတောင်းကြတယ်။ ကျားနှစ်ဖွားတွေက မိဘတွေကို
အာခံတတ်ကြပြီး ကိုယ့်မိန်းမ၊ သားသမီးတွေကိုလည်း ရင့်သီးစွာ ဆက်ဆံတတ်ကြတယ်။
ဒါပေမယ့် အဲ့လို ကျားနှစ်ဖွားတွေက ဖော့ဘ်စ် မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံး လူအယောက်
၃၀၀ စာရင်းမှာ နေရာယူလေ့ ရှိကြတယ်။
■ ယုန်နှစ်ဖွားများ (1963, 1975,
1987, 1999, 2011)
ကြင်နာတတ်တယ်၊ ဆတ်ဆတ်ထိမခံ၊ လှပခံ့ညားတယ်၊
အနုပညာမှာ ပါရမီပါတယ်၊ သတိရှိတယ်။
စိတ်တိုတတ်တယ်၊ ရှက်တတ်တယ်၊ အပျင်းထူတယ်၊
အခွင့်အရေးသမားတွေ။
သိမ်မွေ့ကြတယ်။
ကရုဏာတရားအကြီးမားဆုံး ရာသီကောင်ပဲ။ ကျော့ကျော့ရှင်းရှင်းနေတတ်ကြပြီး
အမျိုးသားကောင်း၊ အမျိုးသမီးကောင်းတို့ရဲ့ ရုပ်ရူပကမျိုး
ပိုင်ဆိုင်လေ့ရှိကြတယ်။ ရှင်းရှင်းပြောရရင် ချောကြ လှကြတယ်ပေါ့။ စိတ်ထိခိုက်လွယ်တာလည်း
ယုန်နှစ်ဖွားတွေပဲ။စိတ်ဓါတ်ကျလွယ်တယ်၊ ဝမ်းနည်းလွယ်တယ်၊ မျက်ရည်ကျလွယ်တယ်။
အခန့်မသင့်ရင် အဆုံးစီရင်တဲ့အထိ ဖြစ်တတ်ပါသေးတယ်။
■ နဂါးနှစ်ဖွားများ (1964, 1976,
1988, 2000, 2012)
သန်မာတယ်၊ ခန့်ညားတယ်၊ ပွင့်လင်းတယ်၊ အများနှင့်မတူ
တစ်မူထူးခြားတယ်၊ ပလွှားကြွားဝါတတ်တယ်။
မာနကြီးတယ်၊ ကြမ်းကြုတ်တယ်၊ အရှက်အကြောက်မရှိ၊
ထိန်းချုပ်တတ်တယ်။
၁၂
ကောင်လုံးမှာ စွမ်းအားအမြင့်ဆုံး တိရစ္ဆာန်ဖြစ်ပြီး
အဲ့နှစ်မှာမွေးလာတဲ့လူသားတွေက တန်ဖိုးအထားရဆုံး လူသားတွေဖြစ်ကြပါတယ်။ တရုတ်လူမျိုး
အများစုက သားသမီးတွေကို နဂါးနှစ်ဖွားတွေဖြစ်စေချင်လို့ တမင်တကာ
နဂါးနှစ်ရောက်ခါနီးမှ လက်ထပ်တာတွေ၊ အိပ်ရာဆောင်ဝင်ကြတာတွေရှိပါတယ်။ ပိုက်ဆံစုတတ်တဲ့
လူသားတွေ ဖြစ်ကြပြီး၊ ကံကောင်းလွန်းတဲ့ လူသားတွေအဖြစ် မွေးဖွားကြပါတယ်။
ကံအရမ်းဆိုးနေတဲ့အချိန်မှာတောင် အကူအညီပေးမယ့် ကမ်းလက်တွေက
မသိမသာပေါ်လာတတ်ကြပါတယ်။ မသိမသာ ဆိုသလိုပဲ... ကမ်းလက်ကို မမြင်တတ်ကြတဲ့
နဂါးနှစ်ဖွားတွေလည်း အများကြီးပါ။ မိသားစုကံ၊ အချစ်ရေးကံ
မကောင်းရင်တောင် အခြားတစ်နေရာရာမှာ ကိုယ့်အတွက်အဆင်ပြေတာတွေ အနည်းဆုံး
တစ်ခုစီ ရှိတတ်ကြပါတယ်။ ဒါပေမယ့် နဂါးနှစ်ဖွားတွေကဂုဏ်သိက္ခာ၊ မာန်မာန ကို
အရမ်းအလေးထားကြတဲ့အတွက် ကံကောင်းတာကိုတောင်မှ ကံကောင်းတယ်လို့ မမြင်တတ်ကြတဲ့
လူမျိုးတွေဖြစ်ပါတယ်။ ပညာရေး၊ အလုပ်အကိုင်ရှာဖွေရေးတွေမှာ အရမ်းကို
အပြိုင်အဆိုင်များပြီး သူများတွေထက် ပိုကြိုးစားမှအောင်မြင်လေ့ရှိတဲ့
လူမျိုးတွေလည်း ဖြစ်ပါတယ်။
ကုန်သွယ်၊ စျေးရောင်း စသည့် အလုပ်တွေလုပ်ကိုင်ရင်လည်း
ကိုယ့်ကို မနာလိုကြတဲ့သူတွေ များပြီး ကိုယ့်ကို ဖြုတ်ချချင်လေ့ ရှိကြပါတယ်။
အဖြုတ်ချမခံဖို့ ကြိုးစားရမှာ ကိုယ့်အပိုင်းပါ။ အကူအညီတွေကိုချည်း
အားကိုးနေလို့မရပါဘူး။ စီးပွားရေးလုပ်လို့ မကြိုးစားရင် အကြွေးတွေလည်း
ပတ်လည်ဝိုင်းတတ်ပါတယ်။
■ မြွေနှစ်ဖွားများ (1965, 1977,
1989, 2001, 2013)
အမြော်အမြင်ရှိတယ်၊ ကျက်သရေရှိတယ်၊
တည်ငြိမ်တယ်၊ လျှို့ဝက်ဆန်းကြယ်တယ်၊ လိမ္မာပါးနပ်တယ်။
တစ်ကိုယ်ရေးသမား၊ ဆက်ဆံရေးညံ့တယ်၊
ပိုင်စိုးပိုင်နင်းသဘောထားရှိတယ်၊ သံသယစိတ်ရှိတယ်။
နဂါးနှစ်ဖွားတွေနဲ့ ခပ်ဆင်ဆင်စရိုက်တွေဖြစ်ပြီး
နဂါးနှစ်ဖွားတွေလောက်တော့ ကံမကောင်းတတ်ကြသလို၊ အပြိုင်အဆိုင်လည်း
နည်းပါးပါတယ်။ စိတ်ထားမျိုးစုံတွေ့ရပြီး လူတစ်ယောက်နဲ့ တစ်ယောက်လည်း
စရိုက်ချင်းမတူပါဘူး။ ဒါပေမယ့် မြွေနှစ်ဖွား အားလုံးကတော့ စိတ်တည်ငြိမ်ကြလေ့
ရှိပါတယ်။ လောကမှာ အသက်ရှည်ရှည်နေထိုင်ကြရတာလည်း မြွေနှစ်ဖွားတွေများပါတယ်။
ကိုယ့်အိမ်ကို အလည်လာတဲ့မြွေနှစ်ဖွားတွေကို ဂရုစိုက်ပေးကြပါ။
သူတို့လည်ပတ်ဖူးတဲ့ အိမ်တွေက ကံကောင်းခြင်းတွေနဲ့ ကြုံတွေ့ရလေ့ရှိလို့ပါ။
■ မြင်းနှစ်ဖွားများ (1966, 1978,
1990, 2002, 2014)
ရွှင်လန်းတက်ကြွတယ်၊ ကျော်ကြားတယ်၊
စကားများတယ်၊ ဟာသဉာဏ်ရွှင်တယ်၊ တာဝန်ယူတတ်တယ်။
စိတ်ပြောင်းလွယ်တယ်၊ ရိုင်းတယ်၊ ယုံလွယ်တယ်၊
ခေါင်းမာတယ်။ ဘယ်သူ့ကိုမဆို
သစ္စာရှိတယ်။ ကိုယ့်အထက်လူကြီးတွေကို သိတတ်တယ်။ အရိပ်အကဲနားလည်တယ်။
ခန့်ခန့်ညားညား ရှိတယ်။ သူတို့ကို လှည့်စားလို့ရှိရင်
လွယ်လွယ်နဲ့လှည့်စားလို့မရသလို၊ လှည့်စားလည်း မခံဘူး။ ပါရမီထူးချွန်တဲ့လူတွေထဲမှာ
မြင်းနှစ်ဖွားတွေ တော်တော်များတယ်။ ကိုယ့်အပေါ် မိသားစုဝင်တွေ က
အနိုင်ကျင့်တာမျိုးရှိသလို၊ ကျောင်းမှာလည်းကျောင်းလူမိုက်တွေနဲ့ပေါင်းမိပြီး
ကိုယ့်ကိုပဲ အနိုင်ကျင့်ကြတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ်
ရုန်းထွက်နိုင်စွမ်း ရှိကြပါတယ်။
■ ဆိတ်နှစ်ဖွားများ (1967, 1979,
1991, 2003, 2015)
ဖြောင့်မှန်တယ်၊ တရားမျှတတယ်၊ ရိုးသားတယ်၊
ရှက်တတ်တယ်၊ အနုပညာမှာ ပါရမီပါတယ်၊ နားလည်တွေးခေါ် နိုင်စွမ်းရှိတယ်၊ စိတ်ပြောင်းလွယ်တယ်၊ စိတ်ပူတတ်တဲ့သူ၊ ညည်းညူတတ်တယ်၊
ကြောက်တတ်တယ်။
တည်ငြိမ်အေးဆေးကြတယ်။ မကြာခဏကံကောင်းလေ့ရှိကြတယ်။
ကံကောင်းအောင် လုပ်ယူလို့တော့မရဘူး။ ဥပမာ... ငါဆိတ်နှစ်ဖွား၊ ကံကောင်းမှာပါ။
ထီထိုးမယ် ဆိုပြီး ထိုးခဲ့ရင် မပေါက်တာမျိုး။ ဒါပေမယ့် လိုသုံးတွေလို
ဆက်ဆံခံရတယ်။တစ်ခုခုလုပ်ဆောင်ရင် အောင်မြင်မှုမရပဲ
ကိုယ့်ထက်သာတဲ့လူတွေနဲ့ချည်းပဲနေ့စဥ်ဘဝကို ဖြတ်သန်းရလေ့ ရှိကြပါတယ်။
■ မျောက်နှစ်ဖွားများ (1968,
1980, 1992, 2004, 2016)
ဟာသဉာဏ်ရွှင်တယ်၊ စပ်စုတယ်၊
လိုက်လျောညီထွေနေထိုင်တတ်တယ်၊ အပေါင်းအသင်းကောင်းတယ်၊ သပ်ရပ်တယ်။ ဘဝင်မြင့်တယ်၊ လူလိမ်၊ ဇီဇာကြောင်တယ်။ ဉာဏ်ကောင်းကြတယ်။
စပ်စုကြတယ်။ စာဖတ်ရင်ဖတ်သလို ဗဟုသုတကြွယ်ဝကြတယ်။ ရင်အဖွင့်ဆုံးကလည်း
မျောက်နှစ်ဖွားတွေပဲ။ အပတ်တကုတ် ကြိုးပမ်းတာလည်း မျောက်နှစ်ဖွားတွေပဲ။
ကိုယ့်အနီးဆုံးကလူတွေအပေါ် စေတနာထားပြီး ဂရုစိုက်ပေမယ့် သူတို့ကကိုယ့်အပေါ်ကျေးဇူးမသိတတ်ရင်တော့
ကိုယ့်ဘက်က ဥပေက္ခာပြုလိုက်တာမျိုးတွေ ရှိပါတယ်။ လောဘကြီးကြပြီး ကိုယ့်လောဘကို
လူသိမခံပါဘူး။ စာဖတ်ပါ၊ ဘာသာရေးလုပ်ပါများရင် လောဘ၊ ဒေါသ၊ မောဟတွေ
ငြိမ်းချမ်းနိုင်တဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။
■ ကြက်နှစ်ဖွားများ (1969, 1981,
1981, 1993, 2005, 2017)
သပ်ရပ်သေသပ်တယ်၊ စည်းရုံးမှုကောင်းတယ်၊
နိုးကြားတက်ကြွတယ်၊ သိပ္ပံနည်းကျတယ်၊ တာဝန်ယူတတ်တယ်။ အပြစ်ရှာတတ်တယ်၊ ကိုယ့်ကိုကိုယ် အထင်ကြီးတတ်တယ်၊ ကြမ်းတမ်းတယ်၊
တရားသေယူဆတယ်။ ယုံကြည်မှုမြင့်မားကြတယ်။
ရိုးသားကြသလို ရိုးအကြတယ်။ စိတ်ရင်းကောင်းကြပြီး စိတ်ရင်းကောင်းတာကို
သူတပါးသိအောင် ကိုယ်ကာယအားဖြင့် ဖော်ပြလေ့ရှိကြတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးကြပြီး
အရမ်းကြိုးစားကြတယ်။ ကိုယ်တိုင်ကလည်း စိတ်ဓါတ်တက်ကြွလွယ်သလို သူတစ်ပါးကိုလည်း
မိုတီဗေးရှင်း ကောင်းကောင်းပေးတတ်တယ်။ ဒါပေမယ့် အကြွားသန်တယ်။
ဟိတ်ကြီးဟန်ကြီး နဲ့ နေတတ်တယ်။
■ ခွေးနှစ်ဖွားများ (1970, 1982,
1982, 1994, 2006)
ရိုးသားတယ်၊ သပ်ရပ်တယ်၊ သစ္စာရှိတယ်၊
တရားမျှတမှုကို နှစ်သက်တယ်၊ ချစ်ခင်ကြင်နာတတ်တယ်။
အပျင်းထူတယ်၊ အေးတိအေးစက်နဲ့ ခေါင်းမာတယ်၊
ရန်လိုတတ်တယ်။ နွားနဲ့ မြင်း
နှစ်ဖွားတွေအတိုင်းပဲ။ သိတတ်တယ်၊ သစ္စာကြီးတယ်၊ အရိပ်အကဲနားလည်တယ်။ စာလုပ်၊
အလုပ်လုပ်ရင် အသေးအမွှားကအစ ဂရုစိုက်သလောက် အပျော်လွန်ရင်လည်း ဘာကိုမှ
ဂရုမစိုက်တော့ပဲ စွတ်ပျော်လေ့ရှိကြတယ်။ ဥပမာ ကိုယ့်ကို ရည်းစားက surprise လုပ်လို့ဖြစ်ဖြစ်၊ ဆုရလို့ပဲဖြစ်ဖြစ်ပျော်လို့ ထ က တာ... ပန်းအိုးကို
တိုက်မိတာတို့၊ လူတွေကို ကန်မိ ရိုက်မိတတ်တာတို့၊ ကိုယ့်ဟာကိုယ် ချော်လဲတာတို့မျိုးတွေ။
အနီးစပ်ဆုံးက လူတွေကိုလည်း ဂရုစိုက်ပေးတတ်ကြပြီး ကိုယ့်ကိုရင်ဖွင့်လာရင် နားထောင်ပေးတတ်ကြတယ်။
ပြန်တော့ အကြံပေးတတ်၊ ပြန်ပြောတတ်တာမျိုးတွေတော့ မရှိကြဘူး။
■ ဝက်နှစ်ဖွားများ (1971, 1983,
1995, 2007)
ရိုးစင်းတယ်၊ အလုပ်ကြိုးစားတယ်၊ သန်မာတယ်၊
တိတ်ဆိတ်ခြင်းကို အလွန်နှစ်သက်တယ်၊ ယုံကြည်စိတ်ချရတယ်။ နုံအတယ်၊ ယုံလွယ်တယ်၊ လောကီသမား၊ တွယ်ကပ်တတ်တယ်။
ဘာကိုမှ ဂရုမစိုက်တတ်ကြဘူး။ ခွေးနှစ်ဖွားတွေက ပျော်စရာရှိမှ
စွတ်ပျော်ပေမယ့် ဝက်နှစ်ဖွားတွေက အချိန်တိုင်းလိုလို စွတ်ပျော်နေတာ။ အစားကြီးတယ်၊
အပျင်းကြီးတယ် ဆိုတာကလည်း ဝက်နှစ်ဖွားတွေ တဝက်ကျော်ကျော်လောက်ရဲ့ စရိုက်တွေပါ။
ကိုယ့်ကို ရန်လာစရင် ဂရုမစိုက်တတ်၊ ကိုယ့်ကို ဆူနေရင် ဂရုမစိုက်တတ်သလိုမျိုး။
ကိုယ်ပျော်ဖို့ပဲ စိတ်ထဲတွေးနေတတ်သူမျိုး။


Comments
Post a Comment