နယုန်လပြည့် မဟာသမယ အခါတော်နေ့

 

နယုန်လပြည့် မဟာသမယ အခါတော်နေ့

 

နယုန်လသည် မြန်မာလများတွင် တတိယလ ဖြစ်သည်။ နွေဥတုတွင် ပါဝင်သည်။ နွေရာသီကုန်ဆုံးရန် ၁၅ ရက်မျှသာ ကျန်တော့သဖြင့် စာဆိုပညာရှင်များက ထိုလကို နွေနှောင်းလ၊ နွေစွန်လ’ ဟု စာဖွဲ့လေ့ရှိကြသည်။ နွေနှောင်းလဖြစ်သည့်အလျောက် ကဆုန်လတွင် ခြစ်ခြစ်တောက် ပူပြင်းခဲ့သော နေမင်းသည် နယုန်လတွင် အပူရှိန် အားလျော့လာသည်။ ကောင်းကင်ပြင်တစ်ခုလုံးတွင် မိုးသားများ မည်းမှောင်အုံ့ဆိုင်းပြီး မိုးသီး မိုးပေါက်များ ရွာသွန်းတတ်သည်။ ကဆုန်လ၏ အပူရှိန်အောက်၌ ရွက်ခြောက်များ ကြွေကာ အရိုးပြိုင်းပြိုင်းဖြစ်နေကြသည့် သစ်ပင်သစ်ကိုင်းများမှ ရွက်ညွန့်ကလေးများ ထွက်ပြူ လာသည်။ စိမ်းစိုလန်းဆန်းလာကြသည်။ နယုန်လ၏ မိုးသေးမိုးဖွဲကလေးများကြောင့် မြေပြင်တွင်လည်း မြက်နုကလေးများဖြင့် စိုပြည်လာသည်။ ထို့ကြောင့် ရှေးမြန်မာတို့က ‘နယုန်မိုးသေး မြက်သားမွေး’ ဟု ဆိုရိုးပြုကြသည်။ ဖြူစင်ရှင်းသန့်သော စံပယ်ဖြူပန်းတို့လည်း လှိုင်လှိုင်ပွင့်လာကြသည်။

ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မဟာသမယသုတ်တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန် လပြည့်နေ့တွင် ‘မဟာသမယ အခါတော်နေ့ပွဲ’ ကို ဆင်ယင်ကျင်းပကြသည်။ မဟာသမယသုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။

မဟာသမယသုတ်တော်ကို ဘုရားရှင်သည် ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးတွင် သီတင်းသုံးနေထိုင်လျက် ဟောတော်မူသည်။ ထိုအချိန်တွင် သာသနာ့ဘောင်သို့ ဝင်လာကြသော သာကီဝင်မင်းသား ရဟန္တာ ၅၀၀ တို့သည်လည်း အတူရှိနေသည်။ ဘုရားရှင်နှင့် ထိုရဟန္တာများကို ဖူးမြော်လိုကြသဖြင့် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန်တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် အုပ်စုလိုက် စုရုံးရောက်ရှိလာကြသည်။ ထိုကဲ့သို့ လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်လာကြသော အခါကာလကို ‘မဟာသမယ’ ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ထိုသို့ နတ်ဗြဟ္မာစုံညီ ရောက်ရှိလာကြသည်ကို ဘုရားရှင်က နှစ်လိုစွာဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြား တော်မူသော စကားတော်များကို ‘မဟာသမယသုတ်’ ဟုခေါ်သည်။ ဤမဟာသမယသုတ်တွင် နတ်ဗြဟ္မာအသီးသီးတို့သည် မိမိတို့၏ အမည်နာမများ ပါရှိသဖြင့် အလွန်ကျေနပ်ကြသည်။ ထိုသုတ်တော်ကို အကြိမ်ကြိမ် နာကြားလိုကြသည်။ မဟာသမယသုတ်သည် နတ်ဗြဟ္မာများ အလွန်ချစ်မြတ်နိုးသော သုတ်တော်ဖြစ်သည်။ ထို့ကြောင့် ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက ‘နတ်များ၏ ချစ်ခင်မှုကို ရရှိနိုင်ပြီး အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း’ အဋ္ဌကထာဆရာက ပြဆိုထားသည်။

နယုန်လပြည့် မဟာသမယနေ့တွင် ထူးချားချက် (၉) ချက်ရှိသည်။ ၎င်းတို့မှာ -
၁။ ရေလုပွဲကြီးဆင်နွှဲကြပြီး တောင်သူလယ်သမားတို့ ငြင်းခုန်ခိုက်ရန်ဘေးမှ ကင်းဝေး၍ ထူးခြားခြင်း။
၂။ ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး ငြိမ်းချမ်းရေးရသော နေ့ဖြစ်၍ ထူးခြားခြင်း။
၃။ နတ်ဗြဟ္မာ အသူရာနှင့် နဂါးဂဠုန်များသည် ရဟန်းတော်နှင့် ဘုရားရှင်များ လက်ထက်တွင် ဤတစ်ကြိမ်သာ စုရုံးမိသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ မင်းသားငါးရာ သာသနာ့ဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ရဟန်းတော်ငါးရာလုံး ရဟန္တာဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ နိမ္မိတ ဘုရားကမေး၍ ပကတိဘုရားရှင်က ဖြေဆိုသည်ကို နာကြားရသောကြောင့် ထူးခြားခြင်း။
၇။ မဟာသမယကို အကြောင်းပြု၍ ဂဠုန်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း။ 
၈။ မဟာသမယဆိုင်ရာ သုတ္တန်ခုနစ်မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဘိက္ခူနီသာသနာ လမ်းစပေါ်သော နေ့ခြစ်၍ ထူးခြားခြင်းတို့ ဖြစ်ပါသည်။
ဤနေ့တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်များအားလုံး ကျောင်းကန်ဘုရားများသွား၍ အလှူပေးခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပန်းဆီမီးရေချမ်း ကပ်လှူခြင်း၊ တရားဘဝနာ ပွားများခြင်း၊ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ကြခြင်းဖြင့် ကုသိုလ်ယူကြလေသည်။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ