ခန္ဓာပျက်ကိန်းတွက်နည်း


 

တွက်နည်းနဲ့ငြိတဲ့လူတိုင်းကျိန်းသေသေရမယ်လိုဆိုလိုခြင်းမဟုတ်ကြောင်းဦးစွာသတိပေးလိုပါတယ်။ အောက်ဖော်ပြပါတွက်နည်းကို နာမကျန်းဖြစ်နေတဲ့လူ၊ အိပ်ယာထဲဘုန်းဘုန်းလဲပြီး နာလန်မထူနိုင်တဲ့ လူတွေမှာသာတွက်ကြည့်ပြီး ကျန်းမာရေးအညံ့ရှိတဲ့နှစ်နဲ့ကြုံကြိုက်နေပါက ဓာတ်ရိုက် ဓာတ်ဆင် ယတြာတွေနဲ့ ကျန်းမာရေးအညံ့တွေကိုကျော်လွှားနိုင်ပါစေကြောင်း မေတ္တာရှေ့ထား၍ ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။ ယတြာတွေကိုတော့ လက်‌တလောကျန်းမာရေးညံ့နေတဲ့ မည်သူမဆို ခန္ဓာပျက်ကိန်းကြုံကြိုက်သည်ဖြစ်စေ၊ မကြုံကြိုက်သည်ဖြစ်စေ လိုက်ပါလုပ်ဆောင်နိုင်ပါတယ်။


ခန္ဓာပျက်ကိန်းလင်္ကာမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အာယုဒီဃံ၊ မသွေမှန်၊ ဇီဝဂြိုဟ်နံနှော။

၂။ တြိသုံးတန်၊ မြှောက်တုံပြန်၊ ကိုးတန်းဘုဉ္ဇကော။

၃။ ဆနှင့်သုညာ၊ ကြွင်းသောခါ၊ ခန္ဓာပျက်မည်ဟော။ဆိုလိုသည်မှာ –

၁။ နာမကျန်းဖြစ်နေသောသူ၏အသက်ကို မွေးနံဂြိုလ်သက်ဖြင့်ပေါင်းပါ။

၂။ ရလာသောအဖြေကို ၃ ဖြင့်မြှောက်ပါ။ ရလာသောအဖြေကို ၉ ဖြင့်စားပါ။

၃။ နောက်ဆုံးရလာသောအကြွင်းသည် ၀ (သိုမဟုတ်) ၆ ကြွင်းခဲ့လျှင်ခန္ဓာပျက်ကိန်းကြုံသူဖြစ်ပါတယ်။

နာမကျန်းဖြစ်နေသူများကိုတွက်ကြည့်လို ခန္ဓာပျက်ကိန်းနဲ့ကြုံနေရပြီဆိုရင် လောကီယတြာတွေ‌ဖြစ်သော ညောင်ထောက်ခြင်း၊ တံတားခင်းခြင်း၊ တံတားအို၊ ကျောင်းအို၊ ဇရပ်အိုတိုကို ပြုပြင်ခြင်း၊ မကျန်းမမာသူ၏အာယုအရပ်၌ မွေးနံပင်များစိုက်ပျိုးခြင်း၊ မွေးနံတူဖြစ်သည့် သက်ရှိသတ္တဝါများကိုဘေးမဲ့လွှတ်ပေးခြင်း၊ မွေးနံအသားကိုနာမကျန်းဖြစ်‌နေသူနှင့်တစ်ညထား၍ ဘုမ္မိအရပ်၌ မြှုပ်နှံသဂြိုဟ်ခြင်း၊ ဆန်မှုန့်၊ ဂျုံမှုန့်တိုဖြင့်အရုပ်ပြုလုပ်၍လူနာကိုယ်စား ဘုမ္မိအရပ်၌မြှုပ်နှံခြင်းစသောယတြာတိုကိုပြုလုပ်ပေးရမည်။ သိုမဟုတ် ဗုဒ္ဓယတြာနည်းပြုလုပ်ပေးရမည်။


ဗုဒ္ဓယတြာနည်း

************

ဗုဒ္ဓယတြာနည်းဆိုသည်မှာ (၇) ရက်သာအသက်ရှင်ရမည့် ဒီဃာယုသတိုသားအား သံဃာတော်များနှင့် ဘုရားရှင်တော်တိုကပရိတ်တရားတော်ကိုရွတ်ဖတ်ပေးတော်မူကြ၍ အသက်မသေဘဲ အသက် (၁၂၀) ထိနေရသည့်အလားတူ ရောဂါပျောက်၍ အသက်ရှင်စေရန် ပရိတ်တရားတော်ကို ရွတ်ဆိုကြားနာစေခြင်းကိုလည်းကောင်း၊ မြတ်စွာဘုရားရှင်၏လက်ယာရံ၊ လက်ဝဲရံများဖြစ်ကြသည့် အရှင်မဟာကဿပ၊ အရှင်မဟာ မောဂ္ဂလာန်တိုမကျန်းမာသည့်အခါ ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်၍ ဟောကြားသည့် “ဗောဇ္စျင်သုတ်” ကိုရွတ်ဆိုကြားနာစေခြင်းကိုလည်းကောင်း၊ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် မကျန်းမာသည့်အခါအရှင်စုန္ဒမထေရ်ရွတ်ဆို လျှောက်ထားသည့် “ဗောဇ္စျင်သုတ်”ကိုရွတ်ဆို ကြားနာစေခြင်းကိုသော်လည်းကောင်းပြုလုပ်သင့်ပေသည်။ ထိုနောက် အောက်ပါသစ္စာစကားကိုလည်းရွတ်ဆို‌ပေးရမည်။

“အရှင်စုန္ဒမထေရ်ရွတ်ဆို လျှောက်ထားအပ်သော ဗောဇ္စျင်သုတ်ကို ကြားနာရသောကြောင့် မြတ်စွာဘုရားရှင်၏သဏ္ဍာန်တော်၌ဖြစ်ပေါ်ကျရောက်သောရောဂါဝေဒနာတိုသည်ကင်းစင်ပပျောက်ခဲ့ဖူးကုန်၏ ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း၊ ဤဗုဒ္ဓဗောဇ္စျင်သုတ်၏တန်ခိုးတေဇော် အာနုဘော်တော်ကြောင့်လည်းကောင်း၊ ဦး(နံမည်ထည့်ဆိုပါ) သိုမဟုတ် ဒေါ် (နံမည်ထည့်ဆိုပါ) ၏ သဏ္ဍာန်၌ ဖြစ်ပေါ်ကျရောက်နေသော ရောဂါဝေဒနာတိုသည် ပိန်းကြာဖက်တွင် ရေမတင်လျောကျသကဲ့သို ကင်းစင်ပပျောက်ပါစေသတည်း၊ ကင်းစင်ပပျောက်ပါစေသော်၊ ကင်းစင်ပပျောက်ပါစေသား” ဟုသစ္စာဆိုဆုတောင်းရမည်။


ညောင်ထောက်ခြင်း

***************

ညောင်ထောက်ခြင်းဆိုသည်မှာဗောဓိညောင်ပင်၏အောက်သိုနိမ့်ကျနေသောညောင်ကိုင်းများကိုဝါးလုံးဖြင့် မကျန်းမမာသူလူမမာကျန်းမာစေကြောင်းဆုတောင်းလျှက် ထောက်ပေးရမှာဖြစ်ပါတယ်။


တံတားခင်းခြင်း

*************

လူသွားလမ်းပေါရှိ မြောင်းငယ်များဖြတ်ကူးသောနေရာ၌ဝါးဖြင့်ဖြစ်စေ၊ သစ်သားဖြင့်ဖြစ်စေ ဖြတ်ကူးတံတားပြုလုပ်လှူဒါန်းရပါသည်။ ယင်းသိုလှူဒါန်းသည့်အခါ ဤကုသိုလ်ကြောင့် လူမမာ၌ကျရောက်နေသောရောဂါများပျောက်ကင်းပါစေသတည်းဟု ဆုတောင်းရပါမည်။


အဆောက်အအုံဟောင်းပြုပြင်ခြင်း

**************************

လူအများနှင့်သက်ဆိုငိသောဟောင်းနွမ်းပျက်စီးစေသည့် တံတားအို၊ ဇရပ်အို၊ ကျောင်းအို၊ ဘုရားအိုတိုအား လူမမာကိုယ်စားကျန်းမာစေကြောင်း ဆုတောင်းလျက် တတ်စွမ်းနိုင်သမျှ ပြုပြင်ပေးရပါမည်။ ဟောင်းနွမ်းသောကန်ကို တူးဖော်ခြင်း၊ ရေတွင်း၊ ရေကန်ပြုပြင်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။


အာယုအရပ်၌ မွေးနံပင်စိုက်ပျိုးခြင်း

***************************

တစ်ဦးတစ်ယောက်သောသူရောဂါကင်း၍ အသက်ရှင်စေလိုသော်လည်းကောင်း၊ ပြင်းထန်စွာ ရောဂါခံစားနေရသော်လည်းကောင်း ထိုသူ၏မွေးနံအရပ်မှ နှစ်ခုမြောက်ဖြစ်သော အာယုအရပ်၌ မွေးနံပင်ကို ဆုတောင်းမေတ္တာပိုလျှက် စိုက်ပျိုးပေးရပါသည်။ နောင်လည်းဆုတောင်းလျက် ရေချမ်းများကိုလည်း သွန်းလောင်းပေးရပါသည်။


စိုက်ပျိုးပုံနည်းစနစ်

***************

၁။ တနင်္ဂနွေသားသမီးဖြစ်လျှင် အရှေ့အရပ်၌ အုန်းပင်ကို စိုက်ပျိုးရ၏။

၂။ တနင်္လာသားသမီးဖြစ်လျှင် အရှေ့တောင်ထောင့်အရပ်၌ ကံ့ကော် ပင် စိုက်ပျိုးရ၏။

၃။ အင်္ဂါသားသမီးဖြစ်လျှင် တောင်အရပ်၌ စကားစိမ်းပင်ကို စိုက်ပျိုးရ၏။

၄။ ဗုဒ္ဓဟူးသား သမီးဖြစ်လျှင် အနောက်တောင်ထောင့်အရပ်၌ ဝါးပင် စိုက်ပျိုးရ၏။

၅။ ကြာသပတေးသားသမီးဖြစ်လျှင် အနောက်မြောက်ထောင့်အရပ်၌ သပြေပင် စိုက်ပျိုးရ၏။

၆။ သောကြာသားသမီးဖြစ်လျှင်အရှေ့မြောက်ထောင့်အရပ်၌ သီးပင် စိုက်ပျိုးရ၏။

၇။ စနေသားသမီးဖြစ်လျှင် အနောက်အရပ်၌ ထန်းပင်၊ သိုမဟုတ် တည်ပင် စိုက်ပျိုးရ၏။

၈။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း၌မွေးဖွားသော ရာဟုသားသမီးဖြစ်လျှင် မြောက်အရပ်၌ ရှားပင် စိုက်ပျိုးရ၏။

မှတ်ချက် ။ ။ အထက်ပါနေ့နံအလိုက် သစ်ပင်များကိုစိုက်ပျိုးရာ၌သက်ရှိအရင်း၊ သက်မဲ့အဖျားဆိုသည့်အတိုင်းသစ်ပင်အမည်၏ အဖျားနာမ်ကိုသာနံသင့်အဖြစ်ကောက်ယူရမည်။

ဥပမာ -စံပယ်ပင်ဆိုလျှင် “စ” ကိုမယူ “ပယ်” ကိုယူ၍ ကြာသပတေးနံဟုမှတ်ယူရမည်။


ဘေးမဲ့လွှတ်ခြင်း

*************

တစ်ဦးတစ်ယောက်သောသူမကျန်းမာလျှင် ကျန်းမာလာစေရန်ယတြာချေသည့်အနေဖြင့် မကျန်းမာသူ၏ မွေးနံဖြစ်သော သက်ရှိသတ္တဝါ တစ်ကောင်ကိုဖြစ်စေ၊ လွယ်ကူသောသတ္တဝါဖြစ်လျှင် မကျန်းမာသူ၏သက်စေ့အရေအတွက်ကိုဖြစ်စေ ကျန်းမာစေကြောင်း ဆုတောင်း၍ဘေးမဲ့လွှတ်ပေး ရသည်။


နေ့နံသင့်သက်ရှိသတ္တဝါများ

*********************

၁။ တနင်္ဂနွေသားသမီးဖြစ်လျှင် ဥသြငှက် သိုမဟုတ် တနင်္ဂနွေနံဖြစ်သော သတ္တဝါတစ်မျိုးမျိုးကို လွှတ်ပေးသင့်၏။

၂။ တနင်္လာသားသမီးဖြစ်လျှင် ကြက်ကိုဖြစ်စေ၊ ငါးကိုဖြစ်စေ လွှတ်ပေးသင့်၏။

၃။ အင်္ဂါသားသမီးဖြစ်လျှင် စာကလေးကိုလွှတ်သင့်သည်။

၄။ ဗုဒ္ဓဟူးသားသမီးဖြစ်လျှင် လင်းယုန် သိုမဟုတ် ယုန်ကိုလွှတ်ပေးသင့်၏။

၅။ ကြာသပတေးသားသမီးဖြစ်လျှင် ဖားကိုဖြစ်စေ၊ ဘဲကိုဖြစ်စေ လွှတ်ပေးသင့်၏။

၆။ သောကြာသားသမီးဖြစ်လျှင်ဟင်္သာငှက်ကိုဖြစ်စေ၊သိန်းငှက်ကိုဖြစ်စေ လွှတ်ပေးသင့်၏။

၇။ စနေသားသမီးဖြစ်လျှင် ဒီးဒုတ်ငှက်ကို လွှတ်ပေးသင့်၏။

၈။ ရာဟုသားသမီးဖြစ်လျှင် ယုန်ကို ဘေးမဲ့လွှတ်ပေးသင့်၏။ သိုမဟုတ် ဇရက်ကို ဘေးမဲ့လွှတ်ပေးသင့်၏။


မွေးနံသား

********

ခန္ဓာပျက်ကိန်း စသည်နှင့်ကြုံကြိုက်ခိုက် လွန်မင်းစွာ မကျန်းမမာဖြစ်လျှင် ထိုသူ၏ နေ့နံသင့်ဖြစ်သော သစ်သားကို ကိုယ်နှင့်တိုင်းဖြတ်၍ ချည်ထားခြင်း၊ အဖျားပိုင်း၌ ဆံပင်ကိုဖြတ်၍ ချည်ထားခြင်း။ အရင်းပိုင်း၌ ခြေသည်းကိုဖြတ်၍ထုတ်ဆွဲထားခြင်း၊ အထက်ပိုင်း၌လက်သည်းကိုဖြတ်၍ ထုပ်ဆွဲထားခြင်း၊ မကျန်းမာသူ၏လုံချည်စ၊ အင်္ကျီစများကို ဆိုင်ရာအပိုင်း၌ဝတ်ဆင်ရသကဲ့သို ရစ်ပတ်ထားခြင်းကိုပြုလုပ်ပြီးနောက် မကျန်းမာသူ၏ အိပ်ရာဘေး၌တစ်ညတာမျှ ယှဉ်တွဲထား၍ နောက်တစ်နေ့မွန်းလွဲချိန်၌ မကျန်းမာသူ၏ ဘုမ္မိအရပ်၌မြေမြှုပ်သဂြိုဟ်ပစ်ရမည်။

၁။ တနင်္ဂနွေ – အုန်းလက်။

၂။ တနင်္လာသား – ကံ့ကော်။

၃။ အင်္ဂါသား – ညောင်သား။

၄။ ဗုဒ္ဓဟူးသား – ဝါး။

၅။ ကြာသပတေး – ယင်းမာ။

၆။ သောကြာသား – သီးသား။

၇။ စနေ – ထန်းလက်၊ ဓနိလက်။

၈။ ရာဟုသား – ရှားသား။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ